ဂျပန်နဲ့တရုတ်တို့က အဝယ်လိုက်လို့ နှမ်းနက်စျေးကောင်းရနေပြီး အဆင်ပြေနေတယ်လို့ နှမ်းနက်စိုက်ပျိုးနေတဲ့ တောင်သူတွေက ပြောပါတယ်။
နှမ်းနက်စမုံစျေးဟာ ၂၀၂၂ ခုနှစ်က ၃ တင်း(၄၅ ပိဿာပါ) တအိတ်ကို ကျပ် ၂၂၀,၀၀၀ ရှိခဲ့ပြီး အခုနှစ် သြဂုတ် ၂၆ ရက်စျေးနှုန်းအရ နှမ်းနက်စမုံ ၃ တင်း(၄၅ ပိဿာပါ) တအိတ်ကို ကျပ် ၃၂၀,၀၀၀ ရှိလာတာကြောင့် တအိတ်ကို ကျပ် ၁၀၀,၀၀၀ အထိ မြင့်တက်လာတာပါ။
အောင်လံမြို့နယ်က နှမ်းနက်စိုက်တောင်သူတယောက်က "နှမ်းနက်စျေးက ခါတိုင်း နှစ်နဲ့မတူဘဲ ဒီနှစ် စျေးတော်တော်ကို ကောင်းလာပါတယ်။ နှမ်းက ပုံမှန်ဆို အမြဲရှုံးတဲ့ ကုန်မျိုး၊ စျေးမရတာရော ရာသီဥတုကြောင့်ရောပါ။ နှမ်းကိုရိတ်ပြီး အိတ်ထဲ ရောက်တာတောင်ကို မပိုင်သေးဘူး။ ရောင်းပြီးမှ ပိုင်တာ။ ဒီနှစ်စျေးက ကျနော်တို့ မှန်းတာထက်ကို ပိုကောင်းတယ်" လို့ ပြောပါတယ်။
နှမ်းနက် စိုက်ပျိုးရာမှာ မြေ ၁ ဧကကို မျိုး နို့ဆီဗူး ၁၂ လုံးလောက် စိုက်ပျိုးရပြီး ၁ ဧက ပျှမ်းမျှ ၁၀ တင်း လောက် ထွက်တယ်လို့ သိရပါတယ်၊။
စိုက်ပျိုးကုန်ကျစရိတ်ကတော့ တဧကကို အလုပ်သမားခ၊ မြေသြဇာ၊ နွာချေးနဲ့ ပိုးသတ်ဆေး စတဲ့ စိုက်ပျိုးကုန်ကျစရိတ် ၅၀၀,၀၀၀ လောက်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။
နှမ်းနက်စမုံကို ဂျပန်နဲ့တရုတ်တို့က အဝယ်လိုက်တာကြောင့် နှမ်းစျေး ကောင်းလာတာ ဖြစ်တယ်လို့ အောင်လံမြို့က နှမ်းကုန်သည်တယောက်က ပြောပါတယ်။
"ဂျပန်နဲ့တရုတ်တို့က ဆေးဖော်ဖို့နဲ့ ရိုးရာမုန့်တွေမှာ နှမ်းနက်ကို အဓိကအသုံးပြုတယ်။ ပြီးတော့ နှမ်းဆိုတဲ့ ကုန်စည်ကလည်း ပြည်ပကို အဓိက အားထားနေရတဲ့ ကုန်မျိုး၊ ပြည်တွင်းမှာ နှမ်းယိုထိုးတာတို့ ဆီထုတ်တာလောက်ပဲ လုပ်တာ။ အဲဒါကလည်း စျေးကြီးလို့ အစားနည်းတယ်။ နှမ်းနက်က ပြည်ပအားကိုးရတဲ့ ကုန်မျိုးဖြစ်တော့ ပြည်ပအဝယ်လိုက်တော့စျေး ကောင်းရသွားတဲ့ သဘောပဲ" လို့ ပြောပါတယ်။
နှမ်းကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအပါအဝင် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးပါတယ်။
မြန်မာနိုင်ငံမှာ နှမ်းကို မိုးသီးနှံနဲ့ ဆောင်းသီးနှံအဖြစ် တနှစ်ကို ၂ ကြိမ် စိုက်ပျိုးကြပြီး အထွက်နှုန်းကတော့ တန်ချိန် ၂ သိန်းကျော် ရှိပါတယ်။