Home
မြန်မာသတင်း
ကိုရီးယားသို့  တားမြစ်ပစ္စည်းသယ်လာသည့် မြန်မာများ ပြည်ဝင်ခွင့်ပိတ်ခံရနိုင်
DVB
·
August 25, 2023
369635001_223685560642839_7236563670566729698_n

တောင်ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားတွေ အင်ချွန်းလေဆိပ်မှာ တားမြစ်ကုန်ပစ္စည်းတွေ အမိများလာတာကြောင့် နောက်တကြိမ် ပြည်ဝင်ခွင့်ပိတ်တဲ့အထိ အရေးယူမယ်လို့ တောင်ကိုရီးယားဘက်က အသိပေးလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တားမြစ်ပစ္စည်းတွေ မသယ်လာဖို့ အကြိမ်ကြိမ်သတိပေးပေမဲ့ မြန်မာလုပ်သားတွေဟာ တားမြစ်ထားတဲ့ အသားခြောက်၊ ကွမ်းနဲ့ တခြားစားစရာပစ္စည်းတွေ သယ်ဆောင်လာတဲ့ အတွက် နောက်တခါသယ်ဆောင်လာရင် ပြည်ဝင်ခွင့်ပိတ်သွားမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက မြန်မာအလုပ်သမားရုံးကို အကြောင်းကြားခဲ့ပါတယ်။

ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမားသံရုံး အရာရှိက “ကျနော်တို့ ပြောပေါင်းများနေပါပြီ။ အသားခြောက်နဲ့ ကွမ်းရွက်က လုံးဝဖမ်းပါတယ်။ Re-entry တွေက လူနည်းတဲ့အတွက် သေချာစစ်ပါတယ်။ တခြားနိုင်ငံတွေက အိတ်စစ်ချိန် ၅ မိနစ်လောက်ပဲ ကြာတဲ့အချိန် ကျနော်တို့နိုင်ငံကဆို နာရီဝက်လောက်ကြာပါတယ်။ အခုတော့ အပတ်စဥ် အမိများလာတာ ဖြစ်လို့ အဖမ်းခံရသူတွေ နောက်တကြိမ်ဆို ပြည်ဝင်ခွင့်ပိတ်ပါမယ်လို့ သူတို့ဘက်က အသိပေးလာပါတယ်” လို့ ထုတ်ပြန်ပြောပါတယ်။

အခုလတ်တလော ဖမ်းမိတဲ့သူတွေကို ပစ္စည်းသိမ်း ပတ်စ်ပို့မှတ်တမ်း တင်ထားမှာဖြစ်ပြီး အများနဲ့မိရင်တော့ ဒဏ်ငွေဆောင်ရမှာဖြစ်ကာ နောင်မိရင်တော့ ပြည်ဝင်ခွင့်ပိတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ နိုင်ငံပုံရိပ် မကျစေရေးနဲ့ နောက်ဝင်ရောက်မယ့် လုပ်သားတွေအတွက်  အဟန့်အတား မဖြစ်ပေါ်စေရေး အထူးဂရုပြု လိုက်နာဆောင်ရွက်ကြဖို့ အစိုးရအလုပ်အကိုင် အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024