ဆယ်စုနှစ် သုံးခုကျော် တည်ထောက်ထားခဲ့တဲ့ တိုင်းရင်းသားကျန်းမာရေးစနစ်နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ အစိုးရ ကျန်းမာရေးစနစ်တို့ရဲ့ ဖြစ်ထွန်းတိုးတက် အောင်မြင်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်ဏာသိမ်းမှုကြောင့် ကျန်းမာရေးစနစ်တခုလုံး ပြိုလဲပျက်စီးခဲ့ရပြီး လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လက်လှမ်းမီမှု မရှိသလောက် ဖြစ်ခဲ့ရတယ်လို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့်မှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း ပြည်တွင်း အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူလူထုတွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အထူးလိုအပ်နေကြောင်းလည်း ထောက်ပြထားပါတယ်။
BPHWT ဟာ စစ်မက်ဖြစ်ပွားပြီး ဝေးလံသီခေါင်တဲ့ တိုင်းရင်းသားဒေသတွေက ပြည်သူလူထုတွေကို အခြေခံကျန်းမာရေး ဝန်ဆောင်မှု ပေးနေတာဖြစ်ပြီး ၂၀၁၂ ခုနှစ်က စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့အကြား အပစ်ခတ်ရပ်စဲရေးကာလမှာ ဆေးခန်း ၅၀ ကို ဖွင့်လှစ်ပြီး လူထုကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ဆေးခန်းတွေပိတ်ပြီး ကျောပိုးအိတ် ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့သာ ပြန်လည်လုပ်ဆောင်နေရတယ်လို့ အဖွဲ့ရဲ့ ဒါရိုက်တာ စောဝင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
“၂၀၁၂-၁၃ နောက်ပိုင်းမှာ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး တော်တော်များများ ဖြစ်သွားတဲ့ပေါ်မှာ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မြှင့်တင်ရေးတွေကို ကျနော်တို့ တတ်နိုင်သမျှ ကြိုးစားပြီး လုပ်လာတယ်။ အဲလိုလုပ်တဲ့နေရာမှာ ကဏ္ဍပေါင်းစုံပေါ့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း၊ ကိုယ့်ဒေသမှာရှိတဲ့ CBO, CSO ကျန်းမာရေးအဖွဲ့တွေနဲ့ သော်လည်းကောင်း၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့တွေနဲ့ သော်လည်းကောင်း၊ မြန်မာအစိုးရ ကျန်းမာရေးဌာန (MOH) နဲ့သော်လည်းကောင်း၊ ကျနော်တို့ ကျန်းမာရေးမြှင့်တင်ရေးနဲ့ ပတ်သက်လို့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေပြီးတော့ အနာဂတ်မှာ ကျနော်တို့နဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်ကို ဘယ်လို ထူထောင်ရမလဲ ဆိုတဲ့ဟာ ကျနော်တို့က အစပျိုး ဆွေးနွေးလာနိုင်ပြီပေါ့နော်။ ဒါပေမဲ့ ၂၀၂၁ နောက်မှာ ဒါတွေအားလုံးဟာ ပြိုလဲပျက်စီးပြီးတော့ အခြေအနေကောင်းတဲ့ အချိန်တုန်းက ကျနော်တို့ ဆေးရုံ၊ ဆေးခန်း၊ အထိုင်ဆေးရုံဆေးခန်းတွေ လုပ်နိုင်ပေမဲ့လည်း အခုနောက်ပိုင်း ပြန်ပြီးတော့ မိုဘိုင်းလိုပဲ ပြန်ပြီးတော့လုပ်ရတဲ့ အခြေအနေ ဖြစ်တယ်ပေါ့လေ။ မိုဘိုင်းလုပ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောတဲ့နေရာမှာလည်း လူတွေက တိုက်ပွဲဖြစ်တဲ့အတွက်၊ ရွာတွေပျက်တဲ့အတွက် ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ရွာသားတွေနဲ့အတူတူ ထွက်ပြေးရတယ်။ အိုင်ဒီပီ အတူတူဖြစ်တယ်။ အဲဒီမှာပဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ လုပ်နေကြသေးတယ်ပေါ့နော်။”
အပစ်အခတ်ရပ်စဲရေးကာလ ကရင်၊ ကရင်နီနဲ့ ချင်းပြည်နယ်မှာ အထိုင်ဆေးခန်း ၅၀ ကျော် ချပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့ပေမဲ့ ၂၀၂၂ အစမှတော့ မိုဘိုင်းလိုပဲ ပြန်လည်ဝန်ဆောင်မှု ပေးခဲ့တာလို့လည်း BPHWT ဒါရိုက်တာ စောဝင်းကျော်က ပြောပါတယ်။
လက်ရှိ မိုဘိုင်းအနေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့နေရာလည်း နိုင်ငံတွင်း ပဋိပက္ခကြောင့် ဆေးဝါးသယ်ယူပို့ဆောင်ရာမှာ ခက်ခဲသလို ဆေးရုံလွှဲရမယ့် လူနာတွေ ဆိုရင်လည်း လွှဲပြောင်းရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်းလည်း ပြောပါတယ်။
“ဆက်သွယ်ဆောင်ရွက်မှုတွေ အရမ်းခက်ခဲသွားတယ်။ သွားရေးလာရေးကျတော့လည်း ကျနော်တို့ ပုံမှန်သွားနေတဲ့ လမ်းမကြီးတွေကို သွားလို့မရဲတော့တဲ့အတွက် ဆေးဝါးတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ နှောင့်နှေးမှုတွေ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒါအပြင်ကိုလည်း ကျနော်တို့က ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုသာ လုပ်နိုင်တဲ့အတွက် တကယ်တမ်း ဆေးရုံဆေးခန်းတက်ရမယ့် လူနာကို လူနာလွှဲပြောင်းရမယ့် အခြေအနေမှာ အရမ်းခက်ခဲတာပေါ့နော်။ အထူးသဖြင့် ထိခိုက်ဒဏ်ရာရတဲ့လူနဲ့ ကိုယ်ဝန်ဆောင်မိခင် ပေါ့နော်၊ အဲလိုလူတွေကျရင် ကျနော်တို့ လူနာကို လွှဲပြောင်းပို့ဆောင်ဖို့အတွက် အရမ်းကို ခက်ခဲသွားတယ်ပေါ့နော်။”
ဒါ့အပြင် လက်ရှိမှာ အရေးပေါ်အကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်လိုအပ်နေတဲ့ အခြေအနေမှာ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ အမှန်တကယ် လိုအပ်နေသူထံ ဆက်စပ်ဆောင်ရွက်သူကနေ တဆင့် တိုက်ရိုက်ရောက်ရှိနိုင်ရေး အလေးထား ဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို နယ်စပ်ဖြတ်ကျော် အကူအညီကနေ တဆင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ တိုက်ရိုက် ပေါင်းစပ်ဆောင်ရွက်ဖို့လည်း BPHWT က နိုင်ငံတကာနဲ့ ဒေသအဖွဲ့အစည်းတွေကို အကြံပြု တောင်းဆိုထားပါတယ်။
ပြည်သူလူထုတွေ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး ရရှိခံစားနိုင်ရေးအတွက် ကရင်၊ ကရင်နီ နဲ့ မွန် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းနဲ့ မယ်တော်ဆေးခန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့ရဲ့ ကျန်းမာရေးလုပ်သားတွေ ပူးပေါင်းကာ တိုင်းရင်းသားဒေသရှိ ကျန်းမာရေးလုပ်သားတွေနဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ကို ၁၉၉၈ ခု၊ ဩဂုတ် ၁၈ ရက်မှာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကျန်းမာရေးလုပ်သား ၁၂၀ ဦး ပါဝင်တဲ့ ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ငယ် ၃၂ ဖွဲ့နဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးလုပ်သား ၅၀၀ ကျော်၊ ရိုးရာ လက်သည်ဦးရေ ၇၀၀ ကျော်၊ ကျေးရွာကျန်းမာရေး လုပ်သားဦးရေ ၃၀၀ ခန့် ပါဝင်တဲ့ ကျောပိုးအိတ် ကျန်းမာရေး လုပ်သားပေါင်း ၁,၅၀၀ ကျော်နဲ့ ကျောပိုးအိတ်အဖွဲ့ပေါင်း ၁၁၄ ဖွဲ့နဲ့ ဝေးလံသီခေါင်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ပအိုဝ်း၊ တအောင်း(ပလောင်)၊ နာဂ၊ ကယန်းဒေသတွေရှိ အိုင်ဒီပီတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုနဲ့ ပဏာမမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို လူထုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း BPHWT ရဲ့ ၂၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့အနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ရပြီး ၂၀၂၂ ခုနှစ်အတွင်း လူနာ တသိန်းကျော်ကို ပြုစုကုသပေးသလို ကိုယ်ဝန်ဆောင် ၃,၀၀၀ ကျော်နဲ့ ကလေး ၂,၀၃၉ ဦးကို မွေးဖွားပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ပွဲ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ဒေသတွေမှာ ရှေးဦးသူနာပြုလုပ်သား ၂,၀၀၀ နီးပါးခန့် မွေးထုတ်ပြီး အာဏာဖီဆန်ရေးလုပ်မှု (CDM) မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးလုပ်သားတွေနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီ အထောက့်အပံ့တွေ ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။