ဆော်ဒီအာရေးဗျ နယ်ခြားစောင့်တပ်တွေဟာ တောင်ထူထပ်တဲ့ ယီမင်နိုင်ငံနဲ့ နယ်စပ်တလျှောက်ကနေ ဆော်ဒီနိုင်ငံထဲကို ဝင်ဖို့ကြိုးစားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါတဲ့ အီသီယိုးပီးယား ရွှေ့ပြောင်းနေထိုင်သူ ရာနဲ့ချီကို သတ်ပစ်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆော်ဒီအစောင့်တပ်တွေဟာ ရွှေ့ပြောင်းနေထိုင်သူတချို့ကို သတ်ဖို့ ဖောက်ခွဲရေး လက်နက်တွေကို သုံးခဲ့ပြီး တခြားသူတွေကို အနီးကပ်ပစ်သတ်ခဲ့တယ်လို့ စာမျက်နှာ ၇၃ မျက်နှာပါ အစီရင်ခံစာထဲမှာ လူ့အခွင့်အရေးအဖွဲ့က ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ယီမင်-ဆော်ဒီ နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဆွေမျိုးတွေ သူငယ်ချင်းတွေ အပါအဝင် အီသီယိုးပီးယားနိုင်ငံသား ၃၈ ဦးဆီက သက်သေခံချက်ကို စုဆောင်းအစီရင်ခံထားတာပါ။
အလောင်းတွေ၊ ဒဏ်ရာရသူတွေ၊ သင်္ချိုင်းမြေတွင်းတွေကို တူးဖော်ထားတာတွေနဲ့ တောင်ပေါ်လမ်းတွေကို ဖြတ်သန်းနေတဲ့ လူအုပ်စုတွေကို ပြသထားတဲ့ HRW က ပံ့ပိုးပေးတဲ့ ဗီဒီယိုရုပ်သံတွေကို ရိုက်တာသတင်းဌာနက သီးခြားစစ်ဆေး ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။
HRW ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အပေါ် အခြေတည်မထားဘူးလို့ ဆော်ဒီအရာရှိတဦးက အစိုးရရဲ့ မီဒီယာဌာနကို အီးမေးလ်နဲ့ တုံ့ပြန် ဖြေကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေက နယ်ခြားစောင့်တပ်တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို စနစ်တကျ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂအရာရှိတွေရဲ့ စွပ်စွဲချက်ကို ဆော်ဒီအာဏာပိုင်တွေဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း အပြင်းအထန် ငြင်းဆိုထားပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံထဲမှာ အီသီယိုးပီးယားနိုင်ငံသား ၇ သိန်းခွဲလောက် ရှိတယ်လို့ ကုလသမဂ္ဂ လေ့လာချက်တွေက ဆိုပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခကြောင့် အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း တစ်ဂရေးပြည်နယ်မှာ စီးပွားရေးကျပ်တည်းခဲ့လို့ အီသီယိုးပီးယားနိုင်ငံသား အများအပြား ထွက်ပြေးခဲ့ကြရပါတယ်။
Source - Reuters