မြောက်ကိုရီးယားအစိုးရပိုင် Air Koryo လေကြောင်းလိုင်းကို တရုတ်နိုင်ငံဆီ လေကြောင်းပျံသန်းမှု ပြန်စဖို့ တရုတ်ပြည်မကြီး အစိုးရက ခွင့်ပြုလိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာနက လေကြောင်းလိုင်း ပြန်စပြေးဆွဲမယ့်ရက် ဒါမှမဟုတ် လေယာဉ်ခရီးစဉ်က အပတ်စဉ် ဘယ်နှစ်ကြိမ် ပျံသန်းမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မဖော်ပြထားပါဘူး။ Air Koryo လေကြောင်းလိုင်းရဲ့ ရှန်ဟိုင်းရုံးကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မတုံ့ပြန်ပါဘူး။
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးကုန်သွယ်ဘက်နဲ့ အိမ်နီးချင်းနိုင်ငံပါ။ ပြီးခဲ့တဲ့လက တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းဆီ သွားရောက်ခဲ့ပါတယ်။ ဒါဟာ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က ကိုဗစ် ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြားကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်တွေကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ ရပ်ဆိုင်းထားခဲ့ပြီး နှစ်နိုင်ငံစလုံးက တခြားနိုင်ငံတွေနဲ့ နယ်စပ်မျဉ်းတွေကို ပိတ်ထားခဲ့ပါတယ်။
အရင်က Air Koryo နဲ့ တရုတ်အစိုးရလေကြောင်းလိုင်း Air China တို့ဟာ နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်တွေကို ပျံသန်းပြေးဆွဲခဲ့ပါတယ်။
Source - Reuters