စစ်ကောင်စီတပ်မှာ လူအင်အားနည်းပါးလာလို့ စစ်သားစုဆောင်းရေးတပ်တွေကို တပ်သားသစ်တယောက် ရရှိပါက ကျပ်သိန်း ၃၀ အထိရမယ်လို့ မက်လုံးပေးထုတ်ပြန်ထားပေမဲ့ ဝင်မယ့်သူမရှိဘဲ အခက်အခဲ ဖြစ်နေတယ်လို့ စစ်သားစုဆောင်းရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်ကစတင်ကာ တပ်သားသစ်တယောက် ရရှိပါက စည်းရုံးနိုင်သူကို ကျပ်သိန်း ၃၀ အထိ ပြန်လည်ပေးအပ်မယ်လို့ တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပေမဲ့ ဝင်ရောက်မယ့်သူ မရှိဘူးလို့ စုဆောင်းရေးတပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ရှင်းပြပါတယ်။
“ကိုယ်တိုင်တပ်ထဲရောက်သွားတဲ့သူက တပ်ထဲမှာ ကြီးနိုင်ငယ်ညှဉ်းကိစ္စတွေ၊ မတရားမှုတွေ ခံနေရတော့ ကိုယ့်ဆွေမျိုးသားချင်းတွေ ပေးမဝင်ဘူး။ သူကိုယ်တိုင် အဲ့လိုစိတ်ရှိနေတော့ တခြားသူကို ဘယ်လိုစည်းရုံးမလဲ။ အခုဆို ၃၅ အထိ စျေးပေါက်နေတယ်၊ ဝင်မယ့်သူမရှိဘူး။”
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက စစ်မှုထမ်းဟောင်းတွေကို ပစ်မှတ်ထားပြီး လုပ်ကြံပစ်ခတ်မှုတွေကြောင့် မဝင်ရဲတာ ဖြစ်တယ်လို့ စစ်မှုထမ်းဟောင်းတဦးက သုံးသပ် ပြောဆိုပါတယ်။
“PDF တွေကြောင့် မြို့နယ်တွေမှာ စစ်သားစုဆောင်းလို့မရဘူး။ စစ်တပ်နဲ့အမျိုးတော်တယ်၊ တပ်ထောက်ခံတဲ့သူဆိုတာ မပြောရဲတဲ့အထိ ဖြစ်သွားတယ်။ ခမရနဲ့ ခလရက ရင်းမှူးတွေက ငွေကုန်ခံပြီး လူဝယ်တယ်။ တချို့ဆို ပေးရမယ့်အချိန်မှာ တပ်သားသစ်မရရင် တွေ့ရာသူဖမ်းပြီး ထောင်ကျခံမလား၊ တပ်ထဲဝင်မလားဆိုပြီး ခြိမ်းခြောက်တယ်။ တချို့ကလေးတွေဆို တပ်ထဲမဝင်ဘူး၊ ထောင်ကျခံလိုက်တာမျိုး ရှိတယ်။”
တပ်သားသစ်စုဆောင်ရေးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မှ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ဦးဆောင်ပြီး တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးမှာ ဗိုလ်ချုပ်တောက်ထွန်း ဖြစ်တယ်လို့ သိရပါတယ်။
တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ တပ်တွေမှာ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်၊ အမှတ် ၂ တပ်မတော်စစ်သားစုဆောင်းရေးတပ်၊ အမှတ် ၃ တပ်မတော်စစ်သားစုဆောင်းရေးတပ်၊ အမှတ် ၄ တပ်မတော်စစ်သားစုဆောင်းရေးတပ်တို့ရှိပြီး တနှစ်ကို တပ်သားသစ် ၅၀၀ ရှာဖွေပေးရတာ ဖြစ်ပါတယ်။
ဒါ့အပြင် တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်)၊ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မြိတ်)၊ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး(မင်္ဂလာဒုံ)၊ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (ပုသိမ်) စတဲ့ နယ်လှည့်စုဆောင်းရေး တပ်တွေလည်း ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။