ထိုင်းရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရတဲ့ ဖွေ့ထိုင်းပါတီဟာ အာဏာဟောင်းပါတီ အားလုံးနီးပါး အပါအဝင် စုစုပေါင်း ၁၁ ပါတီပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ်လို့ ဩဂုတ် ၂၁ ရက် ဒီနေ့မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာလိုက်ပါတယ်။
ဖွေ့ထိုင်းပါတီခေါင်းဆောင် ဒေါက်တာချွန်းလနန့် ဆီကယောက်က “ကျနော်တို့ ဖွေ့ထိုင်းပါတီ အပါအဝင် ၁၁ ပါတီပူးပေါင်းပြီး လွှတ်တော်အမတ်ဆန္ဒမဲ စုစုပေါင်း ၃၁၄ မဲနဲ့ အစိုးရဖွဲ့မယ်လို့ ကြေညာပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ပုဒ်မ ၁၁၂ (နန်းတွင်းဆိုင်ရာဥပဒေ) ပြင်ဆင်မှာမဟုတ်၊ ကောက်ကလိုင်ပါတီ (Move Forward Party) ပါဝင်မှာမဟုတ်ဘဲ ခွန်ဆေထာ ထဝီးဆင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ အဆိုပြုမှာဖြစ်တယ်” လို့ ပြောပါတယ်။
၁၁ ပါတီပေါင်းပြီး နိုင်ငံ့အကျိုးသယ်ပိုးဖို့ တာဝန်တွေခွဲဝေရာမှာ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ် ၁ နေရာ၊ ဝန်ကြီး ၈ နေရာ၊ ဒုဝန်ကြီး ၈ နေရာယူမှာဖြစ်ပြီး ဖုမ်ကျိုင်းထိုင်းပါတီက ဝန်ကြီး ၄ နေရာ၊ ဒုဝန်ကြီး ၄ နေရာ တာဝန်ယူမယ်လို့ ဆိုပါတယ်။
ဖရန်းပချားရတ်နဲ့ ရုမ်းထိုင်းဆန့်ချတ် (ဦးလေးကြီး နှစ်ပါတီ) တို့က ဝန်ကြီး ၂ နေရာစီ၊ ဒုဝန်ကြီး ၂ နေရာစီ၊ ချတ်ထိုင်းဖတ်ထနားက ဝန်ကြီး ၂ နေရာ၊ ဆေရီရုမ်းထိုင်းက ဝန်ကြီး ၁ နေရာ၊ ပချားချတ်က ဝန်ကြီး ၁ နေရာ၊ ထောင့်ထိထိုင်းက ၁ နေရာ တာဝန်ယူမယ်လို့ ဆိုပါတယ်။
ဘုရင်မင်းမြတ်အား ဦးထိပ်ထားတဲ့ ဒီမိုကရေစီအစိုးရရဲ့ မူဝါဒမှာ ဖွေ့ထိုင်းပါတီရဲ့ မူဝါဒအပေါ် အခြေခံပြီး တခြားပါတီတွေရဲ့ မူဝါဒတွေပါ ဆွေးနွေးညှိနှိုင်း ထည့်သွင်းသွားမှာ ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်သူတွေပေါ် ကတိပေးထားတဲ့ အရွယ်ရောက်ပြီးသူတိုင်းကို ဒီဂျစ်တယ်လ်ငွေ ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ လာမယ့်နှစ်အတွင်း နေ့တွက်လုပ်အားခ တနေ့ ဘတ် ၆၀၀ ရရှိရေး၊ မိမိသဘောဆန္ဒနဲ့သာ စစ်မှုထမ်းရေး၊ တောင်ပိုင်းဒေသပဋိပက္ခဖြေရှင်းရေး၊ ဥပဒေမဲ့ ရာဇဝတ်မှုများ နှိမ်နင်းရေး စတဲ့ ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာနအမည်တွေကိုတော့ ကြေညာတာမရှိဘဲ ဒါဟာ အစိုးရအဖွဲ့ရဲ့ အတွင်းရေးပဲ ဖြစ်တယ်လို့ ဖွေ့ထိုင်းပါတီ ပြောခွင့်ရက ပြောပါတယ်။
ဖွေ့ထိုင်းပါတီက စစ်အာဏာရှင်ဟောင်းပါတီတွေနဲ့အတူ အစိုးရဖွဲ့စည်းကြောင်း ကြေညာတဲ့ ဒီကနေ့မှာပဲ ဖွေ့ထိုင်းပါတီအတွက် ဆန္ဒပြပွဲတွေမှာ တစိုက်မတ်မတ် ဦးဆောင်ခဲ့တဲ့ လက်ရှိ ဖွေ့ထိုင်းမိသားစုရဲ့ မန်နေဂျာဖြစ်သူ နာ့သ်ဝုဒ် ဆိုင်ကေ့ ဆိုသူ တာဝန်မှနုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။
သူဟာ ဖွေ့ထိုင်းပါတီအတွက် လှုပ်ရှားရင်း ထောင်ချခံခဲ့ရသလို နိုင်ငံရေးပါတီထဲ ဝင်ရောက်ခွင့် ၁၀ နှစ် ပိတ်ပင်ခံထားရတာပါ။ သူ့အနေနဲ့ စစ်အာဏာရှင်ပါတီတွေနဲ့ ပူးပေါင်းတာကို လက်မခံနိုင်လို့ နုတ်ထွက်လိုက်ပြီး ဒီခရီးမှာ ဒီလောက်ထိပဲ ပို့ဆောင်တော့မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
ဒါ့အပြင် ချင်းမိုင်မှ ဖွေ့ထိုင်းပါတီ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ထတ်စနီး ဘူရနုပကွဏ်းကလည်း ဒီကနေ့ပဲ ပါတီကနေ နုတ်ထွက်စာ တင်လိုက်ပါတယ်။