ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်း ၁၀ ခု လောက်မှာ ဆန်ရိက္ခာပြတ်လပ်နေပြီလို့ မြေပြင်ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
ကရင်နီပြည်နယ်ထဲကို ပြည်ပ INGO တွေ ဝင်ရောက်တာ နည်းပါးပြီး စစ်ရှောင်စခန်းအတော်များများဟာ သွားရေးလာရေး ခက်ခဲတဲ့အတွက် အလှူရှင်ရရှိဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။
ကုန်စျေးနှုန်းတွေ မြင့်မားလာတာနဲ့ အလှူငွေရဖို့ခက်လာတာကြောင့် ပရဟိတအဖွဲ့တွေက လှူဒါန်းနေပေမယ့် လုံလောက်မှုမရှိဘူးလို့သိရပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို ကုန်ပစ္စည်းသယ်ယူတာ ကန့်သတ်ထားပြီး ပစ္စည်းအများကြီးတင်လာတဲ့ ကုန်တင်ကားတွေကပစ္စည်းတွေကို စစ်ကောင်စီဂိတ်က သိမ်းယူတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Jobs for Kayahတာဝန်ရှိသူက “ကုန်စျေးနှုန်းတွေကအရမ်းမြင့်တက်လာတယ်။ အရင်က ငွေတသိန်းကို ဆန် ၃ အိတ်လောက်ဝယ်နိုင်ပေမယ့် အခုက ငွေတသိန်းကို ဆန် ၁ အိတ်လောက်ပဲရတော့တယ်။ ကျနော်တို့ ထောက်ပံ့နိုင်သလောက်က စစ်ရှောင်တွေအတွက် လုံလောက်မှုမရှိသေးတော့ စားသောက်ရေး အခက်ကြုံနေရတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးကတည်းက ဒေသတွင်းစစ်ရေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ သိန်းကျော်ရှိတယ်လို့ မြန်မာ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ BNI ရဲ့ စစ်တမ်းတွေအရသိရပါတယ်။