ဒလမြို့နယ် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ EV လျှပ်စစ်စက်ဘီးနဲ့ သုံးဘီးဘေးတွဲ ဆိုင်ကယ်တွေကို သြဂုတ် ၂၁ ရက်မှ စတင်ကာ ဖမ်းဆီးမယ်လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်က စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ EV လျှပ်စစ်စက်ဘီး၊ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းပြီး ငွေကြေးတောင်းခံပြန်လွှတ်နေရာမှ တိုင်ကြားသူတွေ ရှိလာတာကြောင့် အရေးယူတော့မယ်ဆိုပြီး ကြေညာတာလို့ ကမာကဆစ်ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"အရင်ကဖမ်းတော့ ဖမ်းတယ်၊ ပိုက်ဆံရနေတော့ပြန်လွှတ်တယ်၊ အခုတိုင်လိုက်လို့ စာရွက်နဲ့ လိုက်ကြေညာတာ၊ ဆိုင်ကယ်တွေဖမ်းဖို့၊ ဆိုင်ကယ်မစီးရဘူး အခု ဘထ္ထရီဘီးတွေပါ ဖမ်းမယ်ဆိုတော့ ဒေသခံတွေဒုက္ခရောက်တာပေါ့။"
ဒလမြို့နယ်နေ ပြည်သူအများစုမှာ ဆိုင်ကယ်စီးခွင့်ပိတ်ပြီးနောက် ဘတ္ထရီစက်ဘီးနဲ့ ရုံးတက်ရုံးဆင်းသွားလာနေရပြီး အချို့မှာ ဘေးတွဲသုံးဘီးကို စီးနင်းနေရတာလို့ အစိုးရဝန်ထမ်းတဦးက ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းပြီး ရောက်လာတဲ့ ဗိုလ်မှူးက မြေကွက်တွေ ရောင်းစားပြီး အတိုင်ခံရလို့ တယောက် ပြောင်းသွားတယ်။ အခုလာတဲ့ တယောက်ကလည်း ရသမျှ အကုန်သယ်မဲ့ပုံစံမျိုး၊ လူထုကို ဒုက္ခရောက်အောင်လုပ်တာ။"
"ကြေညာတဲ့ရပ်ကွက်ရှိသလို မကြေညာတဲ့ရပ်ကွက်လည်းရှိတယ်၊ ဘာလဲမသိဘူး။ စစ်တပ်ကကောင်တွေက လုပ်ချင်တိုင်းကို လုပ်နေတာ။"
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မေလမှစတင်ကာ ဒလမြို့မှာ ဆိုင်ကယ်စီးခွင့်ပိတ်ထားပြီး ၂၀၂၃ သြဂုတ် ၂၁ ရက်မှာ ဘတ္ထရီစက်ဘီးအပါအဝင် EV လျှပ်စစ်ဘီး၊ သုံးဘီးဘေးတွဲယာဥ်များပါ ထပ်မံဖမ်းဆီးမယ်လို့ ထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။