ဖရဲသီးတွေ ဈေးကောင်မရတာနဲ့ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာတာကြောင့် ဖရဲစိုက်တောင်သူတွေနဲ့ ကုန်သည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
တောင်သူတွေကတော့ ဖရဲသီးတလုံးကို ခြံဖြတ်စျေး ကျပ် ၈၀၀ ကနေ ၁,၀၀၀ ပဲ ရရှိပြီး ဝယ်လက်မရှိတာ၊ စိုက်ပျိုးစရိတ်မြင့်မားတာနဲ့ သယ်ယူပို့ဆောင်တဲ့စရိတ်တွေကြောင့် အရှုံးပေါ်နေတယ်လို့ ဖရဲစိုက်တောင်သူတယောက်က ပြောပါတယ်။
"ငွေစျေးတွေရော၊ တရုတ်ဝင်တဲ့ပစ္စည်းတွေရော တက်နေတဲ့ချိန်မှ ဖရဲစျေးက ကျသွားတယ်။ ဖရဲသီးစိုက်စရိတ်တွေ၊ ခူးစရိတ်တွေက မနှစ်ကထက် ၂ ဆလောက် တက်သွားတယ်။ အရင်က အခင်းဆင်းဝယ်တဲ့သူရှိတယ်။ အခုက တရုတ်စျေးကွက် ပျက်သွားလို့ ဘယ်သူမှဆင်းမဝယ်ဘူး။ မရောင်းဘဲထားလို့ရတဲ့ ကုန်လည်းမဟုတ်ဘူး။ မရောင်းရင်ပုပ်မှာလေ။ နီးစပ်ရာပြည်တွင်းက ဆိုင်တွေကို အကူအညီတောင်းပြီး လိုက်ရောင်းရတာပေါ့။ ဒါပေမယ့်လည်း အဆင်ပြေတယ်ဆိုလည်း မဟုတ်ပါဘူး။ ဖရဲသီးတလုံး ၈၀၀ လောက်ရတယ်ဆိုပေမယ့် ကားခကပဲ ၁ လုံးကို ၅၀၀ လောက် ကုန်တယ်ဆိုတော့ ရှုံးတာပေါ့" လို့ ပြောပါတယ်။
ဖရဲသီးစိုက်တောင်သူတွေသာမက နယ်စပ်ကို ဖရဲသီးတင်ပို့တဲ့ ကုန်သည်တွေလည်း တရုတ်ကစျေးနှိမ်ဝယ်တာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေကြောင့် အရှုံးပေါ်နေတယ်လို့ နယ်စပ်ကုန်သွယ်ရေးဒိုင်တွေဆီက သိရပါတယ်။
၂၀၂၁ ခုနှစ်က ဖရဲသီးတတန်ကို ယွမ် ၃၀၀၀ အထိရရှိပေမယ့် ၂၀၂၃၊ သြဂုတ်စျေးနှုန်းအရ ဖရဲသီးတတန်ကို ယွမ် ၁,၂၀၀ ပဲရတော့တယ်လို့ ဖရဲသီးကုန်သည်တယောက်က ပြောပါတယ်။
"လက်ရှိသူတို့ပေးတဲ့ဖရဲသီးစျေးနဲ့ စရိတ်တွေက ဘယ်လိုမှတွက်ခြေမကိုက်ပါဘူး။ ဖရဲသီး ၁ တန်ကို အရင်ကလည်း မြန်မာငွေ ၆ သိန်း၊ ခုလည်း ၆ သိန်းဆိုတာက လူပါးဝတာပါ။ အရင်က ၆ သိန်းက ယွမ် ၃,၀၀၀ လောက်ရှိပေမယ့် အခု ၆သိန်းက ယွမ် ၁,၂၀၀ လောက်ပဲ ရှိတာလေ။ ကားတစီးကိုဖရဲသီး ၁၅ တန်ပါတယ်ဆိုပေမယ့် ၁ တန်လောက်က ပယ်သီးထားမယ်ဆိုရင် ၁၄ တန်ကို သိန်း ၈၀ ပဲရမယ်။ နယ်စပ်ကိုရောက်ဖို့ ကုန်ကျစရိတ်ကပဲ သိန်း ၇၀ လောက်ပဲရှိတယ်ဆိုတော့ ၁၀ သိန်းလောက်ပဲကျန်မှာ။ အသီးဖိုးပါထည့်တွက်ရင်တော့ အရှုံးပါပေါ်တယ်။ ကိုယ်က ခြံဖြတ် ဝယ်ထားပြီးသားတွေ ဆိုတော့ မပို့လို့လည်းမရဘူးလေ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီမှာ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကို အကြောင်းပြပြီး နယ်စပ်ကုန်သွယ်ရေးပိတ်လိုက်တာကြောင့် ဖရဲသီးတွေပျက်စီးပြီး မြန်မာဖရဲသီး ကုန်သည်တွေ အများအပြား ဆုံးရှုံးနစ်နာခဲ့ရပါတယ်။
စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ စုစုပေါင်း ဖရဲသီးစိုက်ဧက ၆၃,၈၈၅ ရှိပြီး စုစုပေါင်းအထွက်နှုန်းကတော့ တန်ချိန် ၁,၂၆၉,၄၇၉ လောက် ထွက်ရှိပါတယ်။
မြန်မာပြည်မှာ ဖရဲသီးကို မန္တလေး၊ မြင်းခြံ၊ ဝမ်းတွင်း၊ ကျိုက်ထို၊ ဘီးလင်းနဲ့ ချောင်းဦးမြို့နယ်တို့မှာ အဓိက စိုက်ပျိုးပါတယ်။