ပဲခူးတိုင်း ရွှေကျင်၊ မုန်းနဲ့ ကျောက်ကြီးမြို့နယ်တို့က ရွာတွေကို ဩဂုတ် ၁၃ ရက်ကနေ ၁၆ ရက် အထိ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကျောင်းသား ၂ ယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ကေအန်ယူ(ကော်သူလေး)က ထုတ်ပြန်ပါတယ်။
ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းက ပစ်တဲ့လက်နက်ကြီးဟာ ပဲသောင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသူ ကျောင်းသား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက အသက် ၁၃ နှစ်အရွယ် စောအယ်ကလူထူးနဲ့ ၁၆ နှစ်အရွယ် စောဘိုလိုသီးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၁၁ နှစ်အရွယ် စောခွားစိနဲ့ ၁၅ နှစ်အရွယ် နော်ဗြဲဗြဲတို့ကတော့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အလားတူ အခုလို လက်နက်ကြီးနဲ့ ပစ်တာကြောင့် လှေတန်းရွာနဲ့ ဒိုးတန်းရွာတွေထဲ လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့သလို ဂွေးကုန်းရွာ၊ အင်းကပ်ပလိပ်ရွာတို့မှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အင်းကပ်ပလိပ်ရွာကို လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တလုံးဟာ စာသင်ကျောင်းဝင်းထဲ ကျရောက်ခဲ့တာကြောင့် ဆရာမ ၁ ယောက်နဲ့ ကျောင်းသား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၆ ရက် မနက် ၈ နာရီ ၄၅ မိနစ်ကလည်း စစ်တပ်လက်နက်ကြီးဟာ ဇလုပ်ကြီးကျေးရွာမှာ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၆၀ အရွယ် ဦးမောင်ထွေး(ခ)ကျော်ဇေယျနဲ့ ၃၅ နှစ်အရွယ် ကိုသန့်ဇော်တို့ ကျည်စထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။
ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်း ၉ တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဩဂုတ် ၁၁ ရက်မှာ သမင်အင်းကုန်းနဲ့ တလဲဒူးကျေးရွာတွင်းကို တိုက်လေယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။