ကနေဒါနိုင်ငံရဲ့ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ သြဂုတ် ၁၇ရက် ညပိုင်း က တောမီးအကြီးအကျယ် ထပ်မံ လောင်ကျွမ်းခဲ့ပြီး ပုံမှန်ထက် ပြင်းထန်တဲ့ ဒီတောမီးကြောင့် ဒေသခံတွေအနေနဲ့ ပြင်ဆင်ထားဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ကလိုးနားမြို့ငယ်လေးရဲ့ အိုကန်နာ့ဂန်မြစ်အနီးက တောင်ကုန်းတစ်ခုပေါ်မှာ တဟုန်းဟုန်း တောက်လောင်နေတဲ့ တောမီးကို မျက်မြင်သက်သေ တစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းအရ တွေ့နိုင်ပါတယ်။
ဒီမြို့ငယ်လေးဟာ ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဗန်ကူးဗားမြို့ရဲ့ ၁၆၉ မိုင်အကွာမှာ တည်ရှိနေတာပါ။ ဒါ့အပြင် ကနေဒါမြောက်ပိုင်းနယ်မြေတစ်ခုဖြစ်တဲ့ ရဲလိုးနိုက်ဖ်မြို့မှာ ဆိုရင် လူဦးရေ ၂၀၀၀၀ ကျော်အထိ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသလို မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ဒီတောမီးအပေါ် ထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
ကနေဒါနိုင်ငံမှာ သမိုင်းတလျှောက် အဆုံးရွားဆုံး တောမီးလောင်ကျွမ်းမှုနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဧပြီလ နှောင်းပိုင်းတုန်းက ဗြိတိသျှကိုလံဘီယာနဲ့ အယ်လ်ဘာတာ ပြည်နယ်တို့မှာ တောမီး စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လူပေါင်း ၃၀၀၀၀ ကျော်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အပြင် ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေကိုပါ ယာယီရပ်ဆိုင်းထားရပါတယ်။
Source-Reuters