ဟေတီနိုင်ငံမြို့တော် ပို့အောပရင့်စ်ရှိ ကားဖှိုးဖှဲယဲရပ်ကွက်နေ ဒေသခံတွေဟာ သြဂုတ် ၁၆ ရက်က ဟေတီစစ်တပ် အဆောက်အအုံအပြင်ဘက်မှာ စုရုံးရောက်ရှိခဲ့ကြပြီး စစ်တပ်အနေနဲ့ လူဆိုးဂိုဏ်းတွေကို ကြားဝင်စွက်ဖက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူဆိုးဂိုဏ်းတွေက သူတို့ကို ဘယ်လိုခြိမ်းခြောက်ပြီးတော့ အိမ်ထဲကနေ အတင်းအကျပ် ထွက်ခိုင်းကာ ဘာပိုင်ဆိုင်မှုမှ မပါရှိဘဲ လမ်းတွေပေါ်မှာ ချန်ထားခဲ့ပုံတွေကို ရပ်ကွက်နေ ပြည်သူတွေက ပြောပြကြပါတယ်။
တီလာ့ပ်လီ လူဆိုးဂိုဏ်းက ကားဖှောဖှဲယဲရပ်ကွက်ကနေ ထွက်သွားဖို့ဆိုပြီး ၈ ရက် အချိန်ပေးခဲ့ကြောင်းနဲ့ ရပ်ကွက်သားတွေကလည်း တီလာ့ပ်လီဂိုဏ်းသားတွေကို မသိရှိကြဘဲ အဆက်အဆံလည်း မရှိကြကြောင်း၊ ဒီရပ်ကွက်မှာပဲ မွေးဖွားကြီးပြင်းလာသူတွေအနေနဲ့ တခြားကို မသွားချင်ကြောင်း ရပ်ကွက်သား ဂျွန်နီက ပြောပါတယ်။
ဒီစစ်တပ်အခြေစိုက်စခန်းမှာ စစ်သားတွေ၊ လက်နက်ခဲယမ်းတွေ ရှိတာကြောင့် တီလာ့ပ်လီ လူဆိုးဂိုဏ်းကို နှိမ်နင်းပေးဖို့ အကူအညီတောင်းရအောင် ရောက်လာရတာဖြစ်တယ်လို့လည်း ပြောပါတယ်။
အိုးမဲ့အိမ်မဲ့ မိသားစုအများအပြားဟာ ဒေသခံစာသင်ကျောင်းတကျောင်းထဲက စာသင်ခန်းတွေနဲ့ စင်္ကြံနေရာတွေမှာ အမိုးအကာတွေလုပ်ပြီး အခန်းဖွဲ့ နေထိုင်နေကြရတာပါ။
၂၀၂၁ ခုနှစ်မှာ သမ္မတ ဂျိုဗန်နလ် မွိုက်စ် လုပ်ကြံခံရပြီးကတည်းက ဟေတီမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
တိုင်းပြည်ရဲ့ နယ်မြေ အတော်များများဟာ အစိုးရအာဏာပိုင်တွေရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိတော့ပဲ ပြိုင်ဘက် လူဆိုးဂိုဏ်းတွေကြားက သွေးထွက်သံယို ပဋိပက္ခတွေကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Source-Reuters