တိုက်စစ်မှူးလူကာကူကို ပြန်လည်ခေါ်ယူသင့်ကြောင်း မန်ယူအသင်းကို တိုက်စစ်မှူးဟောင်ဒွိုက် ယော့ခ်က တိုက်တွန်းသွားပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ၂၀၁၇ ခုနှစ်က အဲဗာတန်အသင်းကနေ မန်ယူအသင်းဆီ ပေါင်၇၅သန်းနဲ့ပြောင်းရွှေ့ကစားခဲ့သူပါ။
ဒါပေမဲ့ ၂နှစ်သာကြာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အင်တာမီလန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးအသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။
လူကာကူဟာ ခြေစွမ်းကောင်းမွန်နေဆဲတိုက်စစ်မှူးဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးခြောက်သင်းမှာ ကစားနိုင်စွမ်းရှိကြောင်း၊ မန်ယူအသင်းနဲ့ စပါးအသင်းတို့ အနေနဲ့ ကာလတိုစာချုပ်နဲ့ ခေါ်ယူသင့်ကြောင်း ဒွိုက်ယော့ခ်က ပြောပါတယ်။
“မန်ယူနိုက်တက်ဟာ ရက်စ်မက်ဟွိုက်လန်းအတွက် ရင်းနှီးမြှပ်နှံမှု အများကြီးလုပ်ဆောင်ခဲ့ပေမဲ့ ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ဆိုရင် တစ်ရာသီကို သွင်းဂိုး ၁၅ ဂိုးကနေ ၂၀ အထိသွင်းယူနိုင်တဲ့ လူကာကူလို ကစားသမားကို ခေါ်ယူ သင့်ပါတယ်။ ဒါက ဈေးလည်းသိပ်များများမသုံးရဘဲနဲ့ ဒီနေ့ခေတ်မှာ ရှာရခက်တဲ့တိုက်စစ်မှူးတစ်ဦး ရရှိသွားမှာဖြစ်တယ်”လို့ ဒွိုက်ယော့ခ်က ပြောပါတယ်။
အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ လူကာကူဟာ ယူနိုက်တက်မှာရှိစဉ်က စုစုပေါင်း ၉၆ ပွဲကစားခဲ့ရာမှာ ၄၂ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။