ရခိုင်ပြည်နယ်မှာ ဇူလိုင် ၃၁ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံ ဖြစ်ပွားမှုတွေကြောင့် မြို့နယ် ၃ ခုက ပြည်သူ ၆ ဦး သေဆုံးခဲ့ကာ ရေလွှမ်းမိုးခဲ့တဲ့ မြို့နယ်တွေက လယ်ဧက ၇၀,၀၀၀ ကျော်လောက် ပျက်စီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။
ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့က ကျေးရွာအများစုမှာ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ရေ ၁၀ ပေကနေ ၁၅ ပေအထိ အမြင့်ဆုံး မြင့်တက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရေလွှမ်းမိုးမှုကြောင့် မြို့နယ် ၇ ခုက ကျေးရွာပေါင်း ၃၉၀ ကနေ လူနေအိမ်ပေါင်း ၂၈,၀၇၂ အိမ် ရေနစ်မြုပ်ခဲ့ပြီး လူ ၆ ဦးသေဆုံးကာ လယ်ဧက ၇၀,၅၃၇ ဒသမ ၃၄ ဧက ပျက်စီးခဲ့ပြီး ရေကန်ပေါင်း ၈၅ ကန်ခန့် ပျက်စီးခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေကြီးမှုကြောင့် လယ်ယာတွေ ပျက်စီးသွားတဲ့အတွက် မျိုးစပါးလိုအပ်ချက် အရေးတကြီး ရှိနေတယ်လို့ မင်းပြားမြို့နယ် မင်းဖူးကျေးရွာသားတဦးဖြစ်တဲ့ ဦးမောင်လှက ပြောပါတယ်။
“ရေကြီးမှုကြောင့် လယ်တွေက ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ ပြန်စိုက်ဖို့ကလည်း မျိုးစပါးက ရှာမရလောက်အောင် ခက်ခဲနေကြတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေ ပေးစေချင်တယ်။”
ရေနစ်မြုပ်မှုနဲ့ မိုခါမုန်တိုင်းဒဏ်ကိုပါ ခံစားခဲ့ရတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ရရှိရေး အရေးတကြီးလိုအပ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အခုလို ရေဘေး၊ လေဘေးသင့် ပြည်သူတွေအတွက် အရေးတကြီး လိုအပ်ချက်ရှိနေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးလုပ်ငန်းတွေ၊ မျိုးစပါးတွေ၊ လယ်ယာသုံးနဲ့ ရေလုပ်ငန်းသုံးပစ္စည်းတွေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် တခြား အရေးပေါ်ပစ္စည်းတွေကို ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းကို အရေးပေါ်အကူအညီတွေ ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။