ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအတွင်း မဲအများဆုံးအနိုင်ရတဲ့ MFP က အစိုးရဖွဲ့ခွင့်မရဘဲ ဒုတိယမဲအများဆုံးရတဲ့ ဖွေ့ထိုင်းပါတီနဲ့ တတိယမဲအများဆုံးရတဲ့ ဖုမ်းကျိုင်းထိုင်းပါတီက စစ်အာဏာရှင်ဟောင်းပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရတရပ်ဖွဲ့စည်းဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
ဒီကိစ္စအပေါ် MFP ပါတီ ထောက်ခံသူတွေ၊ ဖွေ့ထိုင်းပါတီဝင်ဟောင်းတွေ၊ ပါတီဝင်တွေက ကျေနပ်မှုမရှိဘဲ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ဆန္ဒပြ ကန့်ကွက်နေပါတယ်။
မနေ့ ဩဂုတ် ၁၃ ရက်က အင်အား ၁၀၀ ကျော်ရှိ ဆန္ဒပြသူတွေဟာ ဖုမ်းကျိုင်းထိုင်းပါတီ ရုံးချုပ်နဲ့ ဖွေ့ထိုင်းပါတီ ရုံးချုပ်ဆီ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ စီတန်းပြီး ထပ်မံ ရောက်ရှိလာပါတယ်။
စီတန်းလာရာ လမ်းတလျှောက်မှာ အဆိုပါ ပါတီ ၂ ခုပေါင်းပြီး အစိုးရဖွဲ့မယ့်ကိစ္စ သဘောမတူရခြင်း အကြောင်းတွေကို လော်စပီကာနဲ့ အော်ပြောလာပါတယ်။
ဖွေ့ထိုင်းပါတီဟာ မဲဆွယ်စဉ်ကာလက အထက်လွှတ်တော်အမတ်အသံကို ပိတ်ပစ်မယ်၊ အာဏာရှင် ဦးလေးကြီးတွေနဲ့ မပေါင်းဘူးလို့ ကြွေးကြော်ပြီး ပြည်သူ့ဆီက ထောက်ခံမဲတွေ ရတယ်၊ အခုကျမှ အစိုးရဖြစ်ချင်လွန်းလို့ အာဏာရှင်ဟောင်းပါတီတွေနဲ့ ပေါင်းတယ်၊ ကိုယ်ပြောတဲ့စကား ကိုယ်မမှတ်မိဘူးလား၊ အာဏာရှင်ဟောင်းပါတီတွေနဲ့ ပေါင်းမယ်ဆို အစကတည်းက ရှင်းရှင်းပြောပါလား၊ ဒါမှ မှန်မှန်ကန်ကန် မဲရွေးထည့်လို့ရမယ်၊ ခုတော့ ပြည်သူ့မဲကို ခုတုံးလုပ်ပြီး အာဏာယူတယ်၊ ဖုမ်းကျိုင်းထိုင်းပါတီ ခေါင်းဆောင် အနုထင်းကို မောင်းထုတ်ပြီး လာဘ်စားပြီး ပါတီဘက်ပြောင်းသူတွေ နှိမ်နင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါက်တဲ့ (ကြွက်ကိုမောင်းထုတ်ပြီး မြွေဟောက်ကိုရိုက်သတ်မယ်) ဆိုတဲ့စကား မေ့သွားပြီလား စသဖြင့် ကြွေးကြော်လာတာပါ။
ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင်းဟာလည်း ကျန်းမာရေးဝန်ကြီးဖြစ်ပြီး ကိုဗစ်-၁၉ ပြဿနာကို ညံ့ဖျင်းစွာ စီမံခန့်ခွဲလို့ ဆုံးရှုံးမှုတွေရှိခဲ့တယ်၊ ဆေးခြောက်ကို ဥပဒေကနေ ကင်းလွတ်ခွင့်ပြုလို့ ကလေးတွေပါ ဆေးခြောက်သုံးပြီး ဘေးအန္တရာယ်ဖြစ်ခဲ့တယ်၊ ကိုယ့်ကို ကြွက်လိုမောင်းထုတ်မယ်လို့ ပြောခဲ့တဲ့ ပါတီရဲ့စကားကို စိတ်မနာတတ်ဘူးလား၊ အစိုးရဖွဲ့ရင် ဖုမ်းကျိုင်းထိုင်းပါတီကို ကျန်းမာရေးဝန်ကြီး ထပ်ခန့်ရင် အကြောင်းသိမယ် စသဖြင့် ကြုံးဝါးကြပါတယ်။
အနုထင်းရဲ့ ငယ်အမည်မှာ ကြွက်နဲ့ စာလုံးပေါင်းတူတာကြောင့် ဖုမ်းကျိုင်းထိုင်းပါတီရှေ့မှာ ကြွက်တွေထွက်ပြေးအောင် ကြောင်ချေးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ကြောင်ချေးတွေထည့်ထားတဲ့ အထုပ်ကို မီးရှို့ပြီး ပါတီရှေ့ကို ပစ်ချခဲ့လို့ လုံခြုံရေး အစောင့်တွေက မီးငြှိမ်းခဲ့ရပါတယ်။ ဒါ့အပြင် ရောင်စုံဆေးရည်တွေနဲ့ပါ ပက်ဖျန်းခဲ့ကြပါတယ်။
ဖွေ့ထိုင်းပါတီရုံးရှေ့မှာတော့ အရင်က သူတို့မြတ်နိုး တန်ဖိုးထားခဲ့တဲ့ ဖွေ့ထိုင်းအမှတ်တံဆိပ်ပါ ရှပ်နီအင်္ကျီတွေ၊ ဦးထုပ်နီတွေ၊ လည်စည်း၊ ရင်ထိုး၊ ဖန်ခွက် စတဲ့ အမှတ်တရပစ္စည်းတွေ လာရောက်စုပုံပြီး ဓားနဲ့မွှန်းတာ၊ ဆုတ်ဖြဲတာ၊ ဖန်ခွက်ရိုက်ခွဲတာ၊ တီရှပ်တွေစုပြီး မီးရှို့တာ လုပ်ခဲ့ပါတယ်။
ဖွေ့ထိုင်းပါတီရဲ့ အတွင်းသဘောမှန် (ကျောရိုး) ကို ဆွဲလှန်ပြမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဝက်ကျောရိုးကို စွပ်ပြုတ်လုပ်ပြီး ပါတီရှေ့မှာ သောက်ပြခဲ့ကြပါတယ်။
ဖွေ့ထိုင်းပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ်တွေ အရင်က ပြောခဲ့ဖူးတဲ့ စကားတွေ၊ ဆောင်ပုဒ်တွေကို စုစည်းပြီး လက်ကမ်းစာစောင်လုပ်ကာ ပါတီရုံးရှေ့မှာ ဖြန့်ကြဲခဲ့ကြပါတယ်။
ဆန္ဒပြသူတချို့က ဖွေ့ထိုင်းရုံးရှေ့မှာ ကာရံထားတဲ့ အတားအဆီးတွေ၊ စည်းရိုးတွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ လုံခြုံရေးဘက်က အချိန်မီ ထိန်းသိမ်းခဲ့လို့ ဆန္ဒပြပွဲ အေးဆေးစွာ ပြီးသွားပါတယ်။ ဒါပေမဲ့ နောက်ထပ်လာဦးမယ်လို့လည်း ကြုံးဝါးသွားကြပါသေးတယ်။
အဆိုပါ ၂ ပါတီကတော့ အရင်က အငြိုးအတေးတွေ နောက်ထားပြီး နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် အစိုးရတရပ် အမြန်ဖွဲ့စည်းမယ်၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ပူးပေါင်းရတယ်လို့ ပြောပါတယ်။
အဆိုပါ ၂ ပါတီဟာ ပထမရတဲ့ MFP ကောက်ကလိုင်ပါတီလောက် မဲမများပေမဲ့လည်း ပုဒ်မ ၁၁၂ (နန်းတွင်းနဲ့ပတ်သက်တဲ့ဥပဒေ) မပြင်ဆင်၊ အာဏာဟောင်းပါတီတွေနဲ့ပါ ပူးပေါင်းမယ် ဆိုတာကြောင့် စစ်အာဏာရှင်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေဆီကနေ ထောက်ခံမဲ အများအပြားရမယ်လို့ ယုံကြည်မှုအပြည့် ရှိနေပါတယ်။
ပထမရတဲ့ MFP ပါတီကတော့ အတိုက်အခံဘက်ကပဲ နေရနေရ ပြည်သူကိုပေးထားတဲ့ ကတိကဝတ် မဖောက်ဖျက်၊ အာဏာရှင်ဟောင်းပါတီတွေနဲ့ လုံးဝမပူးပေါင်းဘူးလို့ ဆိုတာကြောင့် အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲမရလို့ အစိုးရမဖွဲ့နိုင်ဘဲ ဖွေ့ထိုင်းပါတီကို လွှဲပြောင်းပေးလိုက်ရတာ ဖြစ်ပါတယ်။