ကော့ကရိတ်-မြဝတီ(အာရှ)လမ်းဟာ ဖြတ်သန်းသွားလို့မရအောင် ပျက်စီးသွားတာကြောင့် ကုန်စီးဆင်းမှုတွေ ရပ်တန့်သွားပြီး ပြည်တွင်းပြည်ပ ပို့ကုန်တွေ ဈေးတက်သွားတယ်လို့ နယ်စပ်အခြေစိုက်ကုန်သည်တွေက ပြောပါတယ်။
ဩဂုတ် ၇ ရက် နေ့လယ် ၁ နာရီလောက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် -မြဝတီ( အာရှ)လမ်းမကြီးပေါ်က တောနော်ရေတံခွန်အနီးမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေကြောင့် လမ်းအကျယ် ပေ ၁၀၀ ကျော် မြေအနက် ၁၀ ပေအထိ မြေတိုက်စားပြီး ယာဉ်တွေဖြတ်သန်း သွားလာလို့မရအောင် ပျက်စီးခဲ့ပါတယ်။
လမ်းပျက်စီးခဲ့တဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းမှာ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ရပြီး ပြည်တွင်းပြည်ပပို့ကုန်တွေ ဈေးနှုန်းတွေမြင့်တက်ခဲ့ရတဲ့အပြင် ပြည်တွင်းပို့ကုန်တွေ ရပ်နားလိုက်ရပါတယ်။
နယ်စပ်ကုန်သည်တဦးက "ကုန်ဈေးနှုန်းနဲ့ပြောမယ်ဆိုလည်း သေချာပေါက်ကုန်ဈေးနှုန်းက တက်သွားမှာ။ အခြေခံစားကုန် ဆန်၊ ဆီ၊ ပဲတို့ အတက်ကုန်က လာလို့မရတော့ဘူး။ အခုလိုပြုတ်တောက်သွားရင်တော့ ပို့ကုန်ကတော့ ထိခိုက်နစ်နာမှုရှိတယ်" လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကုန်စည်စီးဆင်းမှုတွေ ရပ်နားလိုက်ရတဲ့အတွက် ပြည်တွင်းပို့ကုန်တွေဟာ မြဝတီမြို့တဘက်ကမ်း နယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်က တင်သွင်းနေရတဲ့ ဆန် ၁ အိတ်ကို အရင်ထိုင်းဘတ် ၁,၄၀၀ တန်က အခု ၁,၆၀၀ ဘတ်အထိ မြင့်တက်ခဲ့ပါတယ်။
ကြက်သွန်နီနဲ့ တခြားအခြေခံစားသောက်ကုန်တွေဟာ ကုန်ပစ္စည်းအလိုက် တရက်ပြီးတရက် ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ မဲဆောက်အခြေစိုက် ကုန်သည်တဦးက ပြောပါတယ်။
အလားတူ ဘားအံ- ထို့ကိုးကိုလမ်းပိုင်းဟာလည်း မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ တောင်ကျရေကြောင့် လမ်းရေတိုက်စားပြီး ပျက်စီးခဲ့တဲ့အပြင် လမ်းရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကော့ကရိတ်-မြဝတီ(အာရှ) လမ်းမကြီးဟာ မဟာမဲခေါင် ကုန်သွယ်ရေးလမ်းမကြီးဖြစ်သလို မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိကအရေးပါတဲ့လမ်း ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။