ပေါ်တူဂီနိုင်ငံတောင်ပိုင်းမှာ ရာနဲ့ချီတဲ့ မီးသတ်သမားတွေဟာ အရှိန်ပြင်းပြင်း လောင်ကျွမ်းနေတဲ့ တောမီးကို သြဂုတ် ၈ ရက်က ပင်ပင်ပန်းပန်း ငြှိမ်းသတ်နေကြပါတယ်။
တောမီးကြောင့် မြေဟက်တာပေါင်း ၆,၇၀၀ ဝန်းကျင်လောက် လောင်ကျွမ်းသွားပြီး ကြိုတင်ကာကွယ်မှုအဖြစ် လူပေါင်း ၁,၄၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားပါတယ်။
အလန်ထေးဟိုဒေသရှိ အိုဒေးမီရာ စည်ပင်သာယာ ဧရိယာမှာ သြဂုတ် ၅ ရက်က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကို လက်ရှိမှာ မီးသတ်သမား ၈၀၀ ကျော်က ငြှိမ်းသတ်နေပေမဲ့ တောမီးဟာ ပေါ်တူဂီရဲ့ ထိပ်တန်း ခရီးသွားနေရာ တခုဖြစ်တဲ့ အဲလ်ဂါ့ဗ်ရဲ့ တောင်ဘက်ကို ပျံ့နှံ့သွားခဲ့ပါတယ်။
အပူချိန်မြင့်မားမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် မီးတောက်တွေကို နှိမ်နင်းဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။
သြဂုတ် ၇ ရက် နေမဝင်ခင်လေးမှာပဲ အိုဒေးမီရာမှာရှိတဲ့ ကောင်းကင်ကြီးမှာ လေထုထဲ မီးခိုးလုံးကြီးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ပေါ်တူဂီလို ဥရောပတောင်ပိုင်း နိုင်ငံတွေဟာ ခရီးသွားအမြင့်ဆုံး နွေရာသီအတွင်း စံချိန်တင် အပူချိန်နဲ့ ရင်ဆိုင်နေရတာကြောင့် ကျန်းမာရေးအန္တရာယ်တွေကို အာဏာပိုင်တွေက သတိပေး နှိုးဆော်ထားပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့် အပူလှိုင်းတွေဟာ မကြာခဏဆိုသလို ပိုပြင်းထန်လာပြီး ရာသီတွေနဲ့အလိုက် ပျံ့နှံ့လာတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
အာဏာပိုင်တွေဟာ ပေါ်တူဂီနိုင်ငံတဝန်း မြို့တော် ၁၂၀ ကျော်ကို တောမီးလောင်ကျွမ်းမှု အန္တရာယ်အမြင့်ဆုံး သတိပေး ကြေညာထားပါတယ်။
Source - Reuters