တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ အခုတပတ်အတွင်း စိုးရိမ်အမှတ်ထက်ကျော်လွန် မြစ်ရေကြီးလာတာကြောင့် မြေနိမ့်ပိုင်းနဲ့ မြစ်အနီးနား နေထိုင်ကြတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ သွားရောက် ခိုလှုံနေကြရပါတယ်။
တနင်္သာရီမြို့မှာ တနင်္သာရီမြစ်ရေကို စိုးရိမ်ရေအမှတ် ၁၇ ပေနဲ့ အန္တရာယ်ရှိတဲ့ ရေအမှတ် ၂၄ ပေအထိ သတ်မှတ်ထားပြီးတော့ လက်ရှိအချိန်မှာတော့ စိုးရိမ်ရေအမှတ်ကိုကျော်လွန်ကာ ၁၈ ပေ ကျော်တဲ့အထိ ရောက်နေပြီလို့ ဒေသခံတွေထံက သိရပါတယ်။
တနင်္သာရီမြို့ခံတစ်ဦးက “ မြို့ထဲမှာတော့ ပုံမှန်ပဲ။ ဒါပေမဲ့ မြေနိမ့်ပိုင်းဖြစ်တဲ့ တပ်ဦးဘက်တို့၊ မွန်စုဘက်တို့က မြေနိမ့်ဆိုတော့ အဲဒီဘက်မှာတော့ အပြင်ရေဝင်နေပြီ”လို့ ပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲက ပဝကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုနဲ့ တကူကျေးရွာတို့ဘက်မှာ အဓိက ရေကြီးရေလျှံနေတာဖြစ်ပြီး တနင်္သာရီမြို့ပေါ် ချောင်းငယ်ရပ်ကွက်ရှိ လမ်းတချို့မှာ လည်း ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ရေကြီးလာလို့ မြေနိမ့်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေမှာ သွားရေးလာရေး ခက်ခဲနေကြပြီးတော့ နေထိုင်စားသောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေကို ရေမကြီးတဲ့ တခြားကျေးရွာတွေမှာ လှေနဲ့သွားဝယ်ကြရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦး "မြေနိမ့်တဲ့အိမ်တွေဆိုတော့ အဆင်မပြေဘူး။ ရေမြုပ်တဲ့နေရာတွေဆို သွားလာရပင်ပန်းတယ်။ ဆန်၊ ဆီ၊ ဆားတွေကတော့ တချို့ စျေးဆိုင်ပိုင်ရှင်တွေက လှေနဲ့တခြားတွေဆီကနေ ဝယ်လာရတယ်။ ဖောင်လှေတွေ လှေကြုံတွေနဲ့ သွားလာနေရတာပဲ”လို့ ပြောပါတယ်။
ဒါအပြင် ကျေးရွာတချို့က လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ဒေသခံတွေမှာ ရက်ကာလကြာရှည် မြစ်ရေကြီးနေတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိနေတဲ့အတွက် ခက်ခဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာမှာ အမျိုးသား တယောက် မြစ်ရေကြီးလို့ ရေနစ်သေဆုံးခဲ့ပါတယ်။