ရခိုင်ပြည်နယ်၊ မောင်တော-အငူမော် ၃ မိုင်ပိုင်း ဖြစ်တဲ့ ဝေသာလီ-ဥဒေါင်း ၁၃ မိုင်လမ်းပျက်စီးနေတာကြောင့် အမြန်ဆုံးပြုပြင်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
မောင်တော-စစ်တွေ ကုန်တင်ယာဉ်မောင်းတဦးက " ဒီလမ်းက နှစ်စဥ်နှစ်တိုင်းပြုလုပ်နေရတာ ၅ နှစ်လောက်ရှိနေပြီ။ ဒီနေ့အထိမပြီးနိုင်သေးဘူး။ အခုပြုပြင်ထားတာက ကွန်ကရစ်လမ်းက နည်းနည်း ပျက်စီးလို့ သွားမရတဲ့လမ်းက များများဖြစ်နေတာ။ ကုန်ကားတွေ အန္တရယ်များတယ်”လို့ ပြောပါတယ်။
အဆိုပါ ဝေသာလီ - ဥဒေါင်းလမ်း ၁၃ မိုင်လမ်းကို ၂၀၂၃ ခုနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေကျပ် ၁၅၀ ဒသမ ၁၉၀ သန်းနဲ့ ကွန်ကရစ်လမ်းအဖြစ် ပြန်လည်ပြုပြင်ခဲ့ပေမဲ့ ပြန်ကောင်းမလာဘဲ ဒီနေ့အထိ ကုန်တင်ကားတွေ အန္တရယ်များစွာနဲ့ သွားလာနေကြရတာပါ။
မောင်တော မြို့မိမြို့ဖတစ်ဦးက" ဒီ ဝေသာလီ-ဥဒေါင်း ၁၃ မိုင်လမ်းပိုင်း က ၂၀၁၂ ခုနှစ် က လူမျိုးရေး ၊ဘာသာရေးပြဿနာဖြစ်တဲ့အချိန်က အရေးပေါ်လမ်းအဖြစ် ကျေးရွာချင်းဆက် လမ်းတွေအနေနဲ့ ကျေးလက်ဦးစီးဌာနက ပြုလုပ်ခဲ့တာ။ အဲ့ဒီလမ်းမှာ ကုန်တန်ချိန်မြင့်တဲ့ကုန် တင်ကားတွေ သွားလာတာများတော့ ပျက်စီးသွားတာ"လို့ဆိုပါတယ်။
ဝေသာလီ-ဥဒေါင်းသွား (၁၃/၀)မိုင် ကားလမ်းမှာ ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာရာမှာ လမ်းအကျယ် ၁၂ ပေသာရှိတဲ့အတွက် တဘက်နဲ့ တဘက် ရှောင်တိမ်းနိုင်ဖို့ မလွယ်ကူလို့ လမ်းပျက်စီးမှု နှစ်တိုင်းလိုလိုဖြစ်နေတာပါ။
ဝေသာလီ-ဥဒေါင်း ၁၃ မိုင်လမ်းမှာ လတ်တလောပြုပြင်ထိန်းသိမ်းနိုင်ဖို့ လမ်းပျက်စီးမှုအပိုင်း ၁၈ နေရာအထိရှိနေတယ်လို့ ကားသမားတွေထံက သိရပါတယ်။
ဝေသာလီ-ဥဒေါင်း ကွန်ကရစ်လမ်းကို ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်က နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေနဲ့ဖောက် လုပ်ခဲ့တာဖြစ်ပြီး ၁၃ မိုင်ရှည်တယ်လို့ လမ်းတံတားဦးစီးဌာန ကနေ သိရပါတယ်။
လက်ရှိ ဥဒေါင်း-အငူမော်ထိလမ်းပိုင်းကို အေရှားဝါးဖောင်ဒေးရှင်းက ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ခဲ့ပြီး ကုန်တင်ကားကြီးတွေ သွားလာနိုင်ဖို့ အဆင်ပြေပေမဲ့ ဥဒါင်း-၃မိုင်ဝေသာလီ ၁၃ မိုင်လမ်းမှာ ပျက်စီးနေတာကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းတွေ အခက်အခဲ ဖြစ်နေကြောင်း ကုန်ကားမောင်းသမားတွေထံက သိရပါတယ်။
PHOTO- DVB