ရခိုင်ပြည်နယ်မှာ ခုရက်ပိုင်းတွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့ ရေနစ်မြုပ်ပြီး စစ်ဘေးရှောင်တွေ ရေဘေးဒုက္ခ ခံစားနေကြရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်က လူဦးရေ ၃,၀၀၀ နီးပါးနေထိုင်တဲ့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ ချောင်းရေတက်လာတဲ့အတွက် လူဦးရေ ၅၀၀ ကျော်ကို ကျေးရွာဘုန်းကြီးကျောင်းနဲ့ ရွာထဲရှိ နီးစပ်ရာအိမ်တွေမှာ သြဂုတ် ၅ ရက်က အရေးပေါ် ရွှေ့ပြောင်းထားကြရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။
"မနေ့က ရေချောင်းတက်လာတာကြောင့် စစ်ဘေးရှောင်စခန်းက အိမ်ထောင်စု ၁၄၂ စုက လူဦးရေ ၅၂၀ ကျော်လောက်ကို ဘုန်းကြီးကျောင်းနဲ့ ရွာထဲကို အရေးပေါ် ရွှေ့ပြောင်းထားတယ်။ ရေကအခုလည်း မကျသေးဘူး။”
ညောင်ချောင်းစစ်ဘေးရှောင်စခန်းဟာ နှစ်တိုင်း ရေနစ်မြုပ်လေ့ရှိပြီး အခုနှစ်မှာ ကျေးရွာအနီးရှိ သရီချောင်းက ရေကြီးလာတဲ့အတွက် စစ်ရှောင်တွေကို ရွှေ့ပြောင်းလိုက်ရတာဖြစ်ပါတယ်။
ချောင်းရေ ၆ ပေလောက်အထိမြင့်တက်လာတဲ့အတွက် ရက္ခိုင့်တပ်တော်ရဲ့ အကူအညီတွေနဲ့ ရွေ့ပြောင်းလိုက်ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ကိုသိန်းဝင်း ကပြောပါတယ်။
"ချောင်းရေကြီးလာတာကြောင့် မနေ့က ၆ပေ အထိတက်ခဲ့တယ်။ စခန်းအတွင်းက အိမ်တွေမှာ အခန်းတွေတောင် နစ်မြုပ်လာတော့ ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင် ၅၀ ကျော်လောက် ရောက်လာပြီး သက်ကြီးအိုရွယ်တွေနဲ့ ကလေးတွေ ပစ္စည်းတွေကို ရွှေ့ပြောင်းပေးကြတယ်။ အခုတော့ ဘုန်းကြီးကျောင်းနဲ့ ရွာထဲက အိမ်တွေမှာ ခိုလှုံနေကြတုန်းဖြစ်တယ်။”
လောလောဆယ် စစ်ရှောင်တွေကို ညောင်ချောင်းဘုန်းတော်ကြီးကျောင်းနဲ့ စခန်းက ရေမမြုပ်သေးတဲ့ တဲအိမ်တွေမှာ စုနေဖို့ နေရာချထားပြီး တဲအိမ်တွေ ရေမြုပ်တဲ့အတွက် စာနပ်ရိက္ခာတွေ ဆုံးရှုံးတာတွေလည်းရှိတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့နယ်က အိမ်ထောင်စု ၂၀၀ ကျော်ရှိတဲ့ မြတန်ဆောင်း စစ်ဘေးရှောင် စခန်းမှာလည်း စခန်းတခုလုံး ရေလွှမ်းနေပြီး သွားလာရေး အခက်အခဲ ဖြစ်နေရတယ်လို့ စခန်းတွင်းနေထိုင်သူ ဒေါ်လှအေးစောက ပြောပါတယ်။
“ရေတက်လာပြီဆိုရင် စခန်းမှာ သွားလာလို့ အဆင်မပြေတော့ဘူး။ ကလေးတွေဆို အရပ်မမီဘူး။ လူကြီးတွေနဲ့ဆို ရေက ရင်ဘတ်နားလောက် ရောက်ပါတယ်။ ဒီလိုဖြစ်နေတာ ၃ ရက်လောက်ရှိပြီ။ ဟိုတနေ့ကဆို ကလေးတယောက် ရေထဲပြုတ်ကျသွားတာ ကယ်လိုက်နိုင်လို့ မသေတာ။”
မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ရှောင်စခန်းနဲ့ စင်းဘောကိုင်းစခန်းတွေမှာလည်း ရေနစ်မြုပ်မှုရှိနေပြီး စင်းဘောကိုင်းစခန်းကတော့ ဒီရေတက်လာမှုကြောင့် ပြောင်းရွှေ့ရမယ့် အနေအထား ဖြစ်နေပြီလို့ စခန်းကော်မတီဝင်တွေက ဆိုပါတယ်။
ရခိုင်က စစ်ဘေးရှောင်စခန်းအားလုံးဟာ ယာယီတဲအိမ်တွေအနေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး မိုးတွင်းမှာ မုန်တိုင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် မကြာခဏ ပြိုပျက်တတ်သလို မြေနိမ့်ပိုင်းကျတဲ့ စခန်းတွေကတော့ မိုးရာသီရောက်တိုင်း ရေနစ်မြုပ်မှုကို ကြုံတွေ့လေ့ရှိပါတယ်။
ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုအားကောင်းတာနဲ့ မြစ်ချောင်းတွေမှာ ဒီရေတက်လာတာကြောင့် ဒုက္ခသည်စခန်းတွေအပြင် တခြားကျေးရွာ ရပ်ကွက်တွေမှာလည်း ရေနစ်မြုပ်မှုတွေ ရှိနေကြပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှု အားကောင်းနေပြီး မြစ်၊ချောင်း ရေကြီးမှုတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။