စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာဘက်ကို ဩဂုတ် ၄ ရက်နေ့ မနေ့မနက်ပိုင်းက စစ်ကောင်စီက အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်း ထိုးလာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာရှောင်နေကြရပါတယ်။
အဲဒီစစ်ကြောင်းဟာ ကလေးမြို့ကနေ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး တောင်ဖြူ၊ ပန်းဆက်၊ ကျောက်ခဲတက်ရွာစတဲ့ ပျူစောထီးရွာတွေက ပျူတွေကိုလည်း ခေါ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျူများကိုခေါ်ဆောင်ကာ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မင်းကင်းဒေသခံတယောက်က “သူတို့က ဇူလိုင် ၃၀ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတွေနဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ အဲဒီကနေ တောင်ဖြူပန်းဆက်ရွာကို တပ်စွဲတယ်။ ဩဂုတ် ၄ ရက်နေ့ကျတော့ မော်တော် ၈ စီးနဲ့ ချင်းတွင်းမြစ်ကိုဖြတ်ပြီး မောက္ကတော်ရွာကို စစ်ကြောင်းထိုးလာတာ။ သူတို့လာတာ ဆိုတော့ မောက္ကတော်ရွာ အပါအဝင် ရွာအနီးအနားက ကျေးရွာကဒေသခံတွေ နေရပ်စွန့်ခွာ စစ်ကြောင်းရှောင်နေရတယ်ဗျ” လို့ ပြောပါတယ်။
မောက္ကတော်ရွာ၊ မုတ်သာရွာ၊ စလယ်ဗျင်းရွာ၊ အင်ပင်လှရွာ၊ အလယ်ချောင်ရွာ၊ ထန်းပင်လှရွာ စတဲ့ကျေးရွာက ဒေသခံပြည်သူ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ စစ်ကြောင်းရှောင်နေရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ဟာ စစ်ကောင်စီကိုထောက်ခံတဲ့မြို့နယ်တခုဖြစ်ပေမဲ့ စစ်ကောင်စီကတော့ အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ အင်တာနက်လိုင်းတွေ ပိတ်ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။