ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှာ ဒီရေမြင့်တက်လာတာနဲ့ ရေလှိုင်း တိုက်စားမှုတွေကြောင့် ကမ်းပါးပြို သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် ကျေးရွာအတွင်း ဒီရေလွှမ်းနေတာ ၃ ရက်ရှိနေပြီဖြစ်ပြီး ကမ်းပါးပြိုကျမှုတွေကလည်း များလာနေတယ်လို့ သဲခုံကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
“ဒီရေတက်တာ ၃ ရက်လောက် ရှိနေပါပြီ။ ကျေးရွာသားတွေကတော့ ဒီအတိုင်း အဆင်ပြေသလို နေနေကြတုန်းပါပဲ။ ကမ်းပါးပြိုကျတာတွေလည်း များလာတယ်။ တချို့နေအိမ်တွေဆို တဝက်လောက် ကမ်းပြိုတဲ့ထဲ ပါနေကြပြီ။”
လက်ရှိ ဒီရေတက်နေမှု အတိုင်းအတာနဲ့ မိုးရွာသွန်းမှု ထပ်ပိုလာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ကျေးရွာသားတွေက ဆိုပါတယ်။
စစ်တွေမြို့တဖက်ကမ်းမှာ တည်ရှိတဲ့ ပေါက်တောမြို့နယ်က သဲခုံကျေးရွာမှာ အိမ်ထောင်စု ၄၀၀ ကျော်နဲ့ လူဦးရေ ၂,၀၀၀ ကျော်လောက် နေထိုင်ကြပါတယ်။
ဒီဒေသမှာ နှစ်စဥ် မိုးရာသီရောက်တိုင်း လေဘေး၊ ရေဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတတ်ကာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းတုန်းကလည်း တရွာလုံး အပျက်အစီးရှိခဲ့တဲ့ ကျေးရွာတခု ဖြစ်ပါတယ်။