ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ရာဇဝတ်ဂိုဏ်းဝင်တွေကို ရှာဖွေဖမ်းဆီးဖို့ ရည်ရွယ်တဲ့ စီးနင်းမှုအတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြို့တော်ရဲ့ ပန်ဟာရပ်ကွက်မှာ ဩဂုတ် ၂ ရက် စစ်ဆင်ရေးအတွင်း အာဏာပိုင်တွေဟာ လက်နက်ကိုင်ပုဂ္ဂိုလ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ရီယိုရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အရာရှိတဦး ဒဏ်ရာရရှိခဲ့ပေမဲ့ ခုတော့ ဆေးရုံမှာ အခြေအနေ တည်ငြိမ်နေပြီလို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ဟူရာမန်တိုနဲ့ ချာတူးဘာ ဆင်းရဲသားရပ်ကွက်တွေက ခေါင်းဆောင်တွေ ဖြစ်တဲ့ ဖှီးလ်နဲ့ ဒူးလဲမဲ တို့လည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေထဲမှာ ရိုင်ဖယ် ၇ လက်၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်ပစ်ဗုံးတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘရာဇီးလ်နိုင်ငံ ဂွါရူဂျာမြို့မှာတော့ သြဂုတ် ၂ ရက်က ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ဆော်ပေါ်လိုမြို့က လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုကို ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။
လှည့်ကင်းမှာ ရဲအရာရှိတဦး ပစ်သတ်ခံရပြီးနောက် ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ ဂွါရူဂျာနဲ့ ဆန်းတို့စ် တို့မှာ အခုသီတင်းပတ်အတွင်း ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့ပြီးတော့ သေဆုံးခဲ့ကြသူတွေအတွက် ဆော်ပေါ်လိုမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရဲတွေဟာ အလွန်အကျွံ အင်အားသုံးကြောင်း စွဲချက်တွေကို စုံစမ်းစစ်ဆေးမှာ ဖြစ်ပေမဲ့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာတော့ ရဲလုပ်ငန်းနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ လူသတ်မှုအများဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး ရဲတပ်ဖွဲ့ဝင်တွေ နေထိုင်ရာ နေရာတခုလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ရဲတွေဟာ ဘရာဇီးလ်ရဲ့ ဆင်းရဲသား အလုပ်သမားလူတန်းစားရပ်ကွက် အများအပြားကို အပိုင်စားယူပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ပုံမှန်တိုက်ခိုက်လေ့ရှိကြပါတယ်။
Source - Reuters