ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက်ကိုရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက်နဲ့ ရွာတွေ ရေနစ်မြုပ်နေပါတယ်။
ဒီရက်ပိုင်းမှာ မိုးဆက်တိုက်ရွာနေပြီး ဒီနေ့မှာတော့ တနေကုန် မိုးသည်းထန်နေတာကြောင့် ရေတက်လာတာလို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတယောက်က "မိုးကတော့ နေ့တိုင်းရွာနေတာပဲ။ နည်းတာ များတာပဲကွာတယ်။ ဒီနေ့ကတော့ တနေ့လုံးသည်းနေတာ။ ခဏလေးရပ်ပြီး တအားပြန်ရွာတာ။ လေကလည်း ညကပဲ တော်တော်တိုက်နေတော့ ရေတက်ဖို့ အားပေးတာပေါ့။ ခုလည်း ရေကျချိန်မှာ ဖြည်းဖြည်းစီ တက်လာနေတယ်" လို့ ပြောပါတယ်။
သံတွဲ မိုးလေဝသရုံးရဲ့အချက်အလက်တွေအရ မနေ့က မိုးရေချိန် ၃ လက်မကျော်ရွာခဲ့ပြီး သံတွဲချောင်းရေအမြင့်ဟာ ၃၂၈ စင်တီမီတာ (၁၀ ပေခွဲကျော်) ပဲ ရှိခဲ့ပါတယ်။
ချောင်းရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်သွားနိုင်တာကြောင့် အနိမ့်ပိုင်းမှာနေသူတွေအနေနဲ့ ဘေးလွတ်ရာအမြင့်ပိုင်းက ရေဘေးရှောင်စုရပ်တွေကို ပြောင်းရွှေ့ကြဖို့ မြို့ထဲမှာ လိုက်လံကြေညာထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သံတွဲမိုးလေဝသရုံးရဲ့ အချက်အလက်တွေအရ ဒီနေ့ မနက် ၆ နာရီမှာတော့ မိုးရေချိန် ၅ လက်မကျော်ရွာခဲ့ပြီး ချောင်းရေအမြင့်ဟာ ၃၃၈ စင်တီမီတာ၊ နေ့လယ် ၁၂ နာရီခွဲမှာ ချောင်းရေဟာ ၅၅၈ စင်တီမီတာ (၁၈ ပေကျော်) အထိရှိလာပြီး စိုးရိမ်ရေမှတ်ကတော့ ၆၅၀ စင်တီမီတာဖြစ်ပါတယ်။
ညနေ ၄ နာရီခွဲအချိန်ထိ မိုးရေချိန် ၆ ဒသမ ၈ လက်မကျော်ရွာခဲ့ပြီး ချောင်းရေကတော့ စိုးရိမ်ရေမီတ်အထက်ကျော်သွားပြီဖြစ်သလို ၁ နာရီအတွင်းမှာ ၁၃ စင်တီမီတာ ပိုတက်လာခဲ့ပါတယ်။
ရခိုင်ကမ်းရိုးတန်းရဲ့မြောက်ဘက်မှာလည်း မုန်တိုင်းငယ်တခုဖြစ်နေပြီး မြန်မာနိုင်ငံကို မဝင်နိုင်ပေမယ့် ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်တို့မှာ မိုးသက်လေပြင်းကျနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။