ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ မိုးသည်းပြီး ကျေးရွာတွေအတွင်း တောင်ကျရေ ဝင်ရောက်လာတာကြောင့် ရေကြီး ရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော နန့်မွန်းမြို့အပါအဝင် မိုင်းနောင်ကျေးရွာ၊ ဟဲပုကျေးရွာ၊ ဟဲပါးကျေးရွာ၊ ဆနွင်းကုန်းကျေးရွာ၊ အင်းသာကျေးရွာနဲ့ နမ့်မော်ကန်ကျေးရွာတွေမှာ ရေကြီးရေလျှံတာပါ။
နန့်မွန်း ဒေသခံအမျိးသား တဦးက "ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက မိုး အဆက်မပြတ် ရွာတယ်။ တောင်ကျရေတွေ ချောင်းထဲ စီးပြီး ရေကြီး ရေလျှံတယ်။ နန့်မွန်းချောင်း၊ ဟဲပုချောင်း၊ နမ့်မော်ကန်ချောင်း၊ မိုင်းနောင်ချောင်း တွေ ရေကြီး ရေလျှံပြီး နွံတွေတက်လာလို့ လမ်းပိတ်တာတွေ စိုက်ပျိုးခင်း ပျက်စီးကုန်တယ်"လို့ ပြောပါတယ်။
တောင်ကျရေကြောင့် ရွာတွေထဲ နုံးတွေ ဝင်ပြီး စပါးခင်းတွေအပါအဝင် မိုင်းနောက်ရွာတွင်း လမ်းမ၊ အင်းသာရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်း၊ မိုင်းနောင် အထက်တန်းကျောင်းအုတ်တံတိုင်းတွေ ပြိုကျပျက်စီးခဲ့ပြီး ရွာချင်းဆက်လမ်းအများအပြားလည်း ပျက်စီးခဲ့ပါတယ်။
photo CJ