ကားဗုံးပေါက်ကွဲခဲ့တဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့၊သံလွင်တံတား အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၃၁ ရက် မွန်းတည့် ၁၂ နာရီလောက်က ယာဉ်ငယ်တွေကိုသာ ယာယီဖြတ်သန်းခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်က သံလွင်တံတား အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ကားဗုံးပေါက်ကွဲခဲ့တာကြောင့် လူတချို့ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သလို လမ်းပိုင်းတချို့ ပျက်စီးခဲ့တာပါ။
အခုမွန်းလွဲပိုင်းမှာတော့ လမ်းပိုင်းပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်နေတဲ့အတွက် ယာဉ်ငယ်တွေကို တရုတ်လှကျေးရွာဘက်ကနေ ယာယီဖြတ်သန်းခွင့်ပြုပြီး ကားကြီးတွေကို ဖြတ်သန်းခွင့်မပြုသေးဘူးလို့ ပြောပါတယ်။
ဒေသခံပြည်သူတဦးက “ဗုံးကွဲတာနဲ့ စစ်ဆေးတာတွေကြောင့် ဘားအံ-မော်လမြိုင်လမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ကုန်တယ်။ အခုလောလောဆယ်တော့ စစ်ဆေးရေးဂိတ်ရှေ့က ဗုံးပေါက်လို့ ပျက်စီးသွားတဲ့ လမ်းတွေကို ပြင်နေတယ်။ ကားလေးတွေကိုတော့ တံတားမရောက်ခင် တရုတ်လှရွာဘက်က ပတ်ပြီး တံတားကို ဖြတ်သန်းခွင့် ပြုထားတယ်” လို့ ပြောပါတယ်။
သံလွင်တံတားအဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၃၁ ရက် မနက် ၆ နာရီလောက်က ကားဗုံးပေါက်ကွဲခဲ့တဲ့အတွက် သေဆုံးဒဏ်ရာရသူတွေကို ဘားအံဆေးရုံကြီးမှာ ပို့ဆောင်ထားကာ ဆေးရုံကြီး အဝင်အထွက်လမ်းကို လုံခြုံရေးတင်းကျပ်ထားပြီး သေဆုံး ဒဏ်ရာရရှိမှုကို အပြင်သတင်းမပေါက်ကြားရေး သတင်းဖုံးထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ကူညီကယ်ဆယ်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်တဦးကတော့ ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ်သမား အမျိုးသား ၁ ဦးသေဆုံးပြီး ခရီးသွား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရကာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးလှည့်လည်နေပြီး လမ်းဆုံနဲ့ လူစည်းကားရာ နေရာတွေမှာ ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေကို စောင့်ကြည့်စစ်ဆေးတာအပြင် မြို့အဝင်အထွက်တွေကိုပါ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။