တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိသုံးဦးကို ဖမ်းဆီးစစ်ဆေးပြီးတဲ့နောက် မြိတ်မြို့ရှိ ခရိုနီလုပ်ငန်းရှင် ၆ ဦးကိုလည်း စစ်ကောင်စီက ထပ်မံစစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ဆေးခံနေရတဲ့ ခရိုနီလုပ်ငန်းရှင် ၆ ဦးထဲမှာ မြိတ်အများပိုင်မှ အကြီးအကဲ ဦးလှသန်း၊ အိုကေ ဆန်ရောင်းဝယ်ရေး ဦးမောင်ထွေး၊ ဦးမင်းသူရ၊ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးသက်စိုး၊ ဦးဝင်းထိန်နဲ့ ဦးဖိုးစိန် (ဖိုးလမင်းကုမ္ပဏီ) တို့ ပါဝင်တယ်လို့ သိရပါတယ်။
ခရိုနီလုပ်ငန်းရှင်တွေဟာ စစ်ကောင်စီဖမ်းဆီးအရေးယူခဲ့တဲ့ လုံနယ်ဝန်ကြီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ထားဝယ်မြို့မှာ တဦးချင်း သွားရောက် စစ်ဆေးခံနေရတာလို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
“လုံနယ်ဝန်ကြီး မြိတ်လာတုန်းက ဦးဖိုးစိန် ဂိုဒေါင်ထဲမှာ ခဲသတ္တုဖမ်းမိတယ်။ ဦးဖိုးစိန်က အဖမ်းမခံရအောင် နယ်လုံဝန်ကြီးကို Ford ကားတစီး လာဘ်ထိုးထားတယ်။ နောက်တခုက နေပြည်တော်ပြပွဲမှာ လုံနယ်ဝန်ကြီးက ဦးမောင်ထွေးကို ဆန်စက်ပစ္စည်းဝယ်ခိုင်းတယ်။ လုံနယ်ဝန်ကြီးက အစိုးရကို ဆန်စက်ပစ္စည်းနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ တန်ဖိုးထက် စာရင်းပိုတင်ထားတာ။ ဒါတွေလည်း ဆက်စပ်မှုရှိနေတယ်။”
အခု ဇူလိုင်လ နောက်ဆုံးပတ်မှာ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိသုံးဦးကို နေပြည်တော်က လာရောက်ဖမ်းဆီးခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်ချုပ် သစ်လွင်ထူးဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်သလို လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကတော့ ထောင်ကျနိုင်တဲ့ အခြေအနေ ရှိတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။