ဆော်ဒီကလပ်တွေကြောင့် အပြောင်းအရွှေ့ဈေးကွက်ပြောင်းလဲသွားကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ တောင်ပံတိုက်စစ်မှူးမာရက်ဇ်ကို ဆက်ထိန်းဖို့ ဆန္ဒရှိပေမဲ့ ဆော်ဒီကလပ် အယ်လ်အာလီရဲ့ မက်မောလောက်စရာကမ်းလှမ်းချက်ကြောင့် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆော်ဒီကလပ်တွေကြောင့် အပြောင်းအရွှေ့ဈေးကွက်က ပြောင်းလဲသွားခဲ့ပြီး စီရော်နယ်ဒို ပြောင်းရွှေ့ချိန်ကဆိုရင် လက်ရှိအခြေအနေလို ထိပ်တန်းကစားသမားတွေ အများအပြား ဟာလည်း ဆော်ဒီလိဂ်ကိုပြောင်းရွှေ့ကစားလိမ့်မယ်လို့ ဘယ်သူကမှထင်မှတ်မထားကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဂွါဒီယိုလာက“အနာဂတ်မှာလည်း အပြောင်းအရွှေ့တွေ ပိုပြီးများလာနိုင်တာကြောင့် ကလပ်အသင်း တွေဘက်က ဖြစ်ပေါ်နေတဲ့အခြေအနေကို သိရှိနားလည်နိုင်ဖို့လိုပါတယ်။ ရီရက်ဒ် မာရက်ဇ်ဟာ မယုံကြည်နိုင်စရာကမ်းလှမ်းချက်ရရှိခဲ့တာကြောင့် တားမြစ်ခြင်းမပြုလုပ်ခဲ့တာ ဖြစ်တယ်” လို့ ပြောပါတယ်။
ဆော်ဒီလိဂ်ဟာ တောင့်တင်းတဲ့လိဂ်တစ်ခုအဖြစ် ပုံဖော်နေပြီး ဘယ်အချိန်မှာ ရပ်တန့်သွားမလဲဆိုတာကိုလည်း မသိနိုင်ကြောင်း ဂွါဒီယိုလာက ဆက်ပြီးပြောသွားပါတယ်။