ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာ ဘောဂဝတီကျေးရွာမှာ ဇွန် ၂၇ ရက် မနက် ခြောက်နာရီကျော်က ငါးဖမ်းပိုက်သွားဖော်တဲ့ အမျိုးသားတဦး မိကျောင်းအဆွဲခံရပြီး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘောဂဝတီကျေးရွာနေ ကိုရဲနောင်ဟာ မနေ့မနက် ခြောက်နာရီကျော်က နှာကြီးချောင်းအတွင်း ငါးဖမ်းပိုက်သွားဖော်နေစဥ် မိကျောင်းအဆွဲခံရတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွာကလူတွေ လှေတွေနဲ့လိုက်ရှာနေတာ၊ အခုချိန်ထိ မတွေ့သေးဘူး။ နှာကြီးချောင်းက နှစ်တိုင်း မိကျောင်းအဆွဲခံရတာ။”
လတ်တလောမှာ မိသားစုဝင်တွေနဲ့ ရွာသားတွေဟာ လှေနဲ့ နှာကြီးချောင်းတလျှောက် လိုက်လံရှာဖွေကြပေမဲ့ မိကျောင်းအဆွဲခံရတဲ့ အမျိုးသားဖြစ်သူကို မတွေ့ဘူးလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဘိုကလေးမှာ နှစ်တိုင်း မိကျောင်းအဆွဲခံရတယ်။ ရွာသစ်မှာဆို ကလေးတဦးကို မိကျောင်းဆွဲတာ ဘွားအေလုပ်သူက မြင်လို့ ရွာသားတွေနဲ့ ဝိုင်းမောင်းတာ မိကျောင်းက ကလေးကို ပြန်လွှတ်ပေမဲ့ ကလေးလက်တဖက်လုံး ဒဏ်ရာရသွားတယ်။”
ဒါ့အပြင် ဘိုကလေးမြို့နယ် မိန်းမလှကျွန်းမှာ မိကျောင်းအဆွဲခံရပြီး ပျောက်ဆုံးသွားသူ အမျိုးသားနဲ့ အမျိုးသမီးတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘိုကလေးမြို့နယ်မှာ နှစ်စဥ် မိကျောင်းဆွဲလို့ ပျောက်ဆုံးသူတွေ၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ တနှစ်ကို သုံးဦးမှ လေးဦးအထိရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။