ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ရာထူးကနေဆင်းပြီး သားဖြစ်သူကို အာဏာလွှဲပြောင်းပေးတော့မယ်လို့ ဇူလိုင် ၂၆ ရက်မှာ တရားဝင် ပြောကြားပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဒီမိုကရေစီအခွင့်အရေး ဆုတ်ယုတ်လာခဲ့တဲ့ ဒီ အရှေ့တောင်အာရှနိုင်ငံမှာ ဟွန်ဆန်ရဲ့ ဆယ်စုနှစ် ၄ ခုနီးပါး အုပ်ချုပ်မှုက အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟွန်ဆန်ရဲ့ သားဖြစ်သူ ဟွန်မနတ် (Hun Manet) က နိုင်ငံ့ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူသွားမှာဖြစ်သလို ဟွန်ဆန် ကိုယ်တိုင်ကလည်း ကမ္ဘာပေါ်မှာ သက်တမ်းအကြာရှည်ဆုံးသော အာဏာရခေါင်းဆောင်တွေထဲမှာ ပါဝင်နေပါတယ်။
ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဟာ အတိုက်အခံတွေ ပါဝင်ခွင့်မရခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပါလီမန်အမတ်နေရာ ၁၂၅ ခုံထဲက ၁၂၀ အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
လေ့လာသုံးသပ်သူတွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်၊ ဟန်ပြသာဖြစ်တယ် ဆိုပြီး ရှုတ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ တခုတည်းသော အတိုက်အခံပါတီဖြစ်တဲ့ ကန်ဒဲလ်လိုက် (Candlelight) ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် ရွေးကောက်ပွဲကနေ ဖယ်ရှားခံခဲ့ရပါတယ်။
ဒါ့အပြင် ဟွန်ဆန် ဦးဆောင်တဲ့ အစိုးရဟာ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ဖို့ တောင်းဆိုသူတိုင်းကို အပြစ်ပေး၊ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။
“၂၀၂၃ ခုနှစ်ရဲ့ သြဂုတ်လ ၂၂ ရက်၊ ညနေပိုင်းမှာ ဟွန်မနတ်ကို ဝန်ကြီးချုပ်လို့ ခေါ်ဆိုနိုင်ပြီ ဖြစ်ပါတယ်။ အကယ်၍သာ နိုင်ငံ့ဝန်ကြီးချုပ်အဖြစ် အသိအမှတ်မပြုဘူး ဆိုရင်တော့ တရားဥပဒေနဲ့ မကိုက်ညီတာမျိုး ဖြစ်နိုင်ပါတယ်” လို့ ဟွန်ဆန်က မှတ်ချက်ပေးပါတယ်။
Source - Reuters