ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာ အိမ်ရာမဲ့ အမျိုးသားတဦး သေဆုံးနေတာကို တွေ့ခဲ့လို့ သွားရောက်ကူညီခဲ့ရာက ကိုဗစ်ရောဂါပိုးနဲ့ သေဆုံးခဲ့တာလို့ မြို့ခံပရဟိတအသင်းဆီက သိရပါတယ်။
ဇူလိုင် ၂၆ ရက် ည ၁၀ နာရီလောက်က ဗိုလ်ချုပ်ကျောက်ရုပ်နဲ့ မီးရထားဘူတာဘေးမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တွေ့ရှိထားတယ်လို့ အနီးပတ်ဝန်းကျင်မှ ဆက်သွယ် အကူအညီတောင်းခံတာကြောင့် သွားရောက်ကူညီခဲ့တာလို့ ဆိုပါတယ်။
လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “သေဆုံးရုပ်အလောင်း တွေ့ထားတယ်ဆိုလို့ သွားရောက် ကူညီတာပါ။ အလောင်းကို ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့တယ်။ ဆေးရုံမှာ တာဝန်ကျ ဆရာဝန်တွေက သေဆုံးရတဲ့ရောဂါကို စစ်တော့ ကိုဗစ်ပိုး တွေ့ရှိခဲ့တာ။ ရင်ခွဲရုံကို ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုဗစ်ရောဂါပိုးနဲ့ သေဆုံးသူ အမျိုးသား ဦးလှဝင်း အသက် ၅၂ နှစ် ရုပ်အလောင်းကို ဒီနေ့မနက်ပိုင်းမှာ ပြည်မြို့ အေးငြိမ်းယာသုသာန်မှာ ခေတ္တရာလူငယ် သာရေးနာရေး ကူညီမှုအသင်းက ပို့ဆောင် မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
အိမ်ရာမဲ့ လမ်းဘေးသေဆုံးသူ အမျိုးသားမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့လို့ မြို့ခံတွေကလည်း အဲ့ဒီရောဂါ ဆက်လက်ပြန့်ပွားမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
မြို့ခံတဦးကလည်း “လမ်းဘေးမှာ သေနေတာကို သွားကူညီရတာဆိုတော့ သူတို့မှာ ဘာအကာအကွယ်မှ မပါဘူး။ သူတို့လည်း ဘာရောဂါနဲ့သေတယ်ဆိုတာ မသိတော့၊ ဆေးရုံရောက်မှ ကိုဗစ်နဲ့သေတယ်လို့ သိရတာ။ နာရေးကျမှ PPE ဝတ်ကြတာပေါ့။ ညက ကူညီခဲ့တဲ့သူတွေ ရောဂါကူးစက်ခံရရင် အခြေအနေတွေက ပိုဆိုးနိုင်တယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးတည်းက ကိုဗစ်အထူးကုသရေးတွေ မလုပ်ကြတော့ဘူး။ အဲ့ဒီအတွက် ရောဂါပြန့်ပွားမှာကို စိုးရိမ်နေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြည်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးနဲ့ သေဆုံးသူဟာ ဇူလိုင်အတွင်း ၉ ဦးအထိရှိကာ သက်ကြီးရွယ်အိုတွေ၊ ရောဂါခံနဲ့ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးခဲ့သလို အဲ့ဒီထဲမှာ လူလတ်ပိုင်းတွေလည်း ပါဝင်ပြီး အခုတကြိမ် သေဆုံးမှုမှာ အိမ်ရာမဲ့တဦး ဖြစ်တဲ့အတွက် ရောဂါပြန့်ပွားမှာကို မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
Photo - ခေတ္တရာလူငယ် သာရေးနာရေးကူညီမှုအသင်း