မြောက်အာဖရိကနိုင်ငံတွေမှာ အပူလှိုင်းကြီးတခု ကျယ်ပြန့်လာပြီး တူနီးရှားနိုင်ငံရဲ့ တချို့မြို့တွေမှာ အပူချိန် ၄၉ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပါတယ်။
ပြင်းထန်တဲ့အပူရှိန်ကြားမှာ တူနီးရှားမြောက်ပိုင်းရှိ အစိတ်အပိုင်းတချို့ဟာ ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်က တောမီးတွေ လောင်ကျွမ်းခဲ့ပါတယ်။
တာဘာကာမြို့မှာ တောမီးတွေ လောင်ကျွမ်းနေလို့ အာဏာပိုင်တွေဟာ အနည်းဆုံး ဒေသခံ ၂,၅၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ မီးလောင်ကျွမ်းမှုက လမ်းတွေကို ပိတ်ဆို့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့တယ်လို့ အကျပ်အတည်း စီမံခန့်ခွဲမှု အတိုင်ပင်ခံဌာနက ပြောပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ အခြေအနေတွေဟာ လာမယ့်ရက်အနည်းငယ်အတွင်း တာဘာကာ အနီးတဝိုက် ဆက်ရှိနေမယ်လို့ ခန့်မှန်းရပြီး တောမီးတွေ ပိုကြီးထွားလာမယ်လို့ မျှော်လင့်ထားပါတယ်။
တောမီးတွေဟာ မယ်လွီလာနယ်စပ်မြို့ကို ဖြတ်ကျော်လောင်ကျွမ်းသွားပါတယ်။ တောင်တန်းဒေသတွေမှာ စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ မြို့တွင်းရှိ လူတွေရဲ့ နေအိမ်အထိပါ ရောက်ရှိလာပြီး ရာနဲ့ချီတဲ့ မိသားစုတွေ ထွက်ပြေးခဲ့ကြရကြောင်း မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြို့တွင်းနေထိုင်သူ ရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရာမှာ ကုန်းကြောင်း၊ ရေကြောင်း၊ တံငါလှေတွေနဲ့ ကမ်းရိုးတန်းစောင့် ရေယာဉ်တွေကိုပါ အသုံးပြုခဲ့ကြောင်း အရပ်ဘက် ကာကွယ်ရေး အရာရှိတဦးက ပြောပါတယ်။
Source - Reuters