ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ရှမ်းတောလေးကျေးရွာမှာ ဖွင့်ထားတဲ့ MELODY KTV မှာ ဒီနေ့ မနက် ၁၀ နာရီခွဲက ဗုံးပေါက်ကွဲပြီး ဝန်ထမ်းအမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "အစက မီးလောင်တယ်ထင်နေတာ မဟုတ်ဘူး၊ ဗုံးပေါက်တာ။ KTV အခန်းထဲမှာ ပေါက်တာမဟုတ်ဘူး၊ အခန်းအပြင်မှာပေါက်တာ။ ပျက်စီးမှုတချို့ရှိတယ် ကောင်လေးက ခြေထောက်ထိသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒဏ်ရာရသူမှာ လက်ပံတန်းမြို့မှ လာရောက်အလုပ်ကိုင်သူ အသက် ၁၆ နှစ်အရွယ် ဖြစ်ပြီး အုတ်ဖိုမြို့နယ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့တယ်လို့ ပရဟိတအဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အရမ်းကြီးတော့ မစိုးရိမ်ရဘူး၊ ခြေထောက်ပဲထိတာ။ အုတ်ဖိုကနေ ရန်ကုန်ကိုလွှဲပေးလိုက်တယ်။ ဗုံးစတွေစင်ပြီး မှန်တာ ထုတ်ဖို့" လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘဲ လက်တလောမှာ အုတ်ဖို့မြို့ရှိ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ရှမ်းတောလေးကျေးရွာနဲ့ MELODY KTV ဆိုင်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောတယ်။