အခုနှစ်အတွင်း ကမ္ဘာကြီး ပူနွေးလာတာဟာ တဖက်တလမ်းကနေ ခြင်တွေကိုအကျိုးပြုနေလို့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားပါတယ်။
တမ္ဘာလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပြီး WHO အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်မှစပြီး မနှစ်ကအထိ ကူးစက်ခံဦးရေ ၈ ဆမြင့်တက်လာတာ တွေ့ရပါတယ်။
အခုနှစ်အတွင်း ဆူဒန်မြို့တော်တွင် ပထမဆုံးအကြိမ်အဖြစ် ရောဂါပိုးတွေ့ရှိခဲ့ပြီး ဥရောပမှာ ရောဂါကူးစက်မှု မြင့်တက်လာခဲ့ပါတယ်။
ပီရူးဟာ ဒေသအများစုမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး အမေရိကမှာ ရောဂါဖြစ်ပွားမှု ၃ သန်းနီးပါးကို ရှိနေပါတယ်။
အခုကမ္ဘာ့လူဦးရေ ထက်ဝက်လောက်မှာ အန္တရာယ်ရှိနေတယ်လို့ WHO လက်အောက်ခံ လျစ်လျူရှု ထားတဲ့အပူပိုင်းဒေသရောဂါများထိန်းချုပ်ရေး ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ဌာန အကြီးအကဲ ဒေါက်တာ ရာမန် ဗေလာယုဒန် က ဆွစ်ဇာလန်နိုင်ငံ ရဲ့မြို့တော် ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ နိုင်ငံပေါင်း ၁၂၉ နိုင်ငံမှာ ရောဂါဖြစ်ပွားမှု ၅ ဒသမ ၂ သန်း ရှိခဲ့တယ်လို့ WHO က အစီရင်ခံခဲ့တာပါ။
အခုနှစ်ကတော့ အာရှမုတ်သုံရာသီပေါ်မူတည်ပြီး ကမ္ဘာတဝှမ်းမှာ အခုချိန်ထိ ကူးစက်မှုပေါင်း ၄ သန်း အထိ ရှိနေပါတယ်။
ပိုပူတဲ့ ရာသီဥတုက ခြင်တွေမြန်မြန်ပွားဖို့ ကူညီပေးပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်တွေ ပွားများလာဖို့ ကူညီပေးတယ်လို့ ယူဆကြပါတယ်။
ကူးစက်ခံဦးရေ တိုးမြင့်လာမှုနောက်ကွယ်မှာ တခြားအချက်တွေအဖြစ် ကုန်စည်နဲ့ လူတွေ သွားလာမှု၊ မြို့ပြတည်ဆောက်မှုနဲ့ မိလ္လာစနစ်ဆိုင်ရာပြဿနာတွေကိုလည်း ဗေလာယုဒန် က ကိုးကားဖော်ပြခဲ့ပါတယ်။
Source-Reuters