ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပေါင်စိန်ကျေးရွာအဝင်လမ်းမဘေးမှာ ဇူလိုင် ၂၁ ရက် ညပိုင်းက သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ ရုပ်အလောင်း ၁ ခုတွေ့ရှိခဲ့တယ်လို့ မြို့ခံ ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားတဦးဖြစ်ပြီး အဲဒီည ၉ နာရီခွဲခန့်က ဒေသခံတွေက သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းကို အကြောင်းခဲ့တာပါ။
ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတယောက်က “Gunshot သေနတ်ပစ်ခံရပြီး DeadBody ရှိလို့ နယ်မြေသက်ဆိုင်ရာက အကြောင်းကြားတာပါ၊ အမျိုးသားရုပ်အလောင်းပါ၊ အသက်က ၂၀ ကျော်လောက်ရှိပြီ၊ ပေါင်စိန်ရွာအဝင်မှာ တွေ့တာ၊ ရင်ဘတ်မှာ ဒဏ်ရာနဲ့ သေဆုံးနေပါတယ်” လို့ ဆိုပါတယ်။
ရုပ်အလောင်းတွေ့ရှိချက်အရ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေရရှိသေဆုံးနေခဲ့တာလို့ သိရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးပါဘူး။
ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံအသင်းယာဥ်နဲ့ ဘားအံပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။