မကြာသေးမီရက်တွေက လောင်ကျွမ်းခဲ့တဲ့ ကနေဒါနိုင်ငံရဲ့ တောမီးအတွင်း မီးသတ်သမားတယောက် ထပ်မံသေဆုံးတဲ့သတင်း ထွက်လာလို့ ဗြိတိသျှကိုလံဘီယာပြည်နယ် အာဏာပိုင်တွေက ကနေဒါလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံတကာ မီးသတ်သမားအယောက် ၁,၀၀၀ ကို ထပ်ပြီး အကူအညီ တောင်းခဲ့ပါတယ်။
တောမီးတွေကြောင့် အခုနှစ်အထိ ပြည်နယ်အတွင်း သစ်တောဟက်တာ ၁ ဒသမ ၂ သန်း လောင်ကျွမ်းခဲ့ပြီး ၁၀ နှစ်တာအတွင်း ပျမ်းမျှလောင်ကျွမ်းဧရိယာ ဟက်တာ ၇၆,၀၀၀ ထက် အဆပေါင်းများစွာ လောင်ကျွမ်းခဲ့ပါတယ်။
ဒီပြည်နယ်အတွင်း အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့က မီးသတ်သမားတွေ အပါအဝင် မီးသတ်သမား အယောက် ၂,၀၀၀ လောက်ဟာ တောမီးလောင်နေတဲ့နေရာ စုစုပေါင်း ၃၇၃ နေရာမှာ မီးငြှိမ်းသတ်နေကြတာပါ။
မကြာသေးမီလတွေအတွင်း မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး ပြည်နယ်နေရာ အများအပြား ခြောက်သွေ့နေလို့ တာဝန်ရှိသူတွေက မကြုံစဘူး မိုးခေါင်မှုအဆင့်လို့ ပြောခဲ့ကြပါတယ်။
တောမီးတွေဟာ ကနေဒါနိုင်ငံတဝန်း ဧက ၂၄ သန်းလောက် လောင်ကျွမ်းခဲ့ပြီး တောမီးရာသီမှာ အဆိုးရွားဆုံး လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ အိုင်ယာလန်နဲ့ ဘယ်လ်ဂျီယံ နှစ်နိုင်ငံပေါင်း အရွယ်အစားလောက်ကို လောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်၊ မက္ကဆီကို၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ပြင်သစ်နဲ့ နယူးဇီလန်တို့က နိုင်ငံခြားမီးသတ်သမား ၁,၃၆၇ ဦးဟာ ကနေဒါနိုင်ငံအနှံ့ မီးသတ်သမားတွေကို ကူညီဖို့ ကနေဒါနိုင်ငံတဝန်းမှာ ဆောင်ရွက်နေကြပါတယ်။
Source - Reuters