မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇူလိုင် ၁၉ ရက် ဒီမနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းလို့ အနိမ့်ပိုင်းနေရာတွေမှာရေကြီးပြီး ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့ရဲ့ အနိမ့်နေရာတွေဖြစ်တဲ့ သီရိမြိုင်၊ သီရိမင်္ဂလာရပ်ကွက်တွေမှာ ရေလုံးဝမကျသေးဘဲ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးကယ်ဆယ်ရေး ယာယီစခန်း ၄ ခု ဖွင့်ထားရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ရေဘေးသင့်ကူညီပေးတဲ့မြို့ခံတစ်ဦးက ''အနိမ့်ပိုင်းတော်တော်များများ ရေမြုပ်ကုန်တယ်။ ပစ္စည်းပျက်စီးမှုအနည်းငယ်လည်းရှိပြီး သီရိမင်္ဂလာရပ်ကွက်က ကလေးငယ်တယောက် ရေနစ်သွားလို့ သေသွားပါတယ်” လို့ ပြောပါတယ်။
မော်လမြိုင်မြို့ဟာ နှစ်စဥ် မိုးအဆက်မပြတ်ရွာသွန်းမှုဖြစ်လို့ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။