ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက ရေခဲတောင်ခြေရွာတွေ သွားလာအသုံးပြုတဲ့ ကွန်ကရစ်တံတားဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့အတွက် ဒေသခံပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး အခက်တွေ့နေကြပါတယ်။
ရေခဲတောင်ခြေရွာခံတွေ အသုံးပြုတဲ့တံတားဟာ ၂၀၂၂ ခုနှစ်မှာ အသစ်ဖောက်လုပ်ထားတဲ့ လမ်းပေါ်ကဖြစ်ပြီး တံတားဖွင့်ပွဲလုပ်တာ တနှစ်မပြည့်ခင်မှာပဲ ကွန်ကရစ်တံတား ပျက်စီးတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ပျက်စီးသွားတဲ့တံတားက ရေခဲတောင်တက်တဲ့ ခရီးသည်တွေ၊ ခါးလန်ဘက်က ဒေသခံတွေ စားဝတ်နေရေး အသုံးပြုတဲ့ အဓိကလမ်းဖြစ်တယ်။ ဆီ၊ ဆန်၊ ဆား လိုရာပစ္စည်းတွေ ဝယ်ဖို့ရန်၊ ကျန်းမာရေး၊ ပညာရေး၊ တခြားအရေးပေါ်ကိစ္စအတွက် အရမ်းအရေးကြီးနေတဲ့ လမ်းဖြစ်နေတဲ့အတွက် အမြန်ဆုံး အသစ်ဆောက်လုပ်ပေးစေချင်တယ်။”
မြန်မာနိုင်ငံရဲ့ အစိုးရအရပ်ရပ် ပြောင်းလဲခဲ့ပေမဲ့ ပူတာအိုမှာ ဒေသဖွံ့ဖြိုးရေးဆိုလို့ လမ်းတံတား ဆောက်လုပ်ပေးတာလောက်ပဲ ရှိတယ်လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
“ပူတာအိုဒေသမှာ ဖွံ့ဖြိုးရေးဆိုလို့ လမ်းတံတားဆောက်လုပ်ပေးလာတာက လွန်ခဲ့တဲ့ ၁၀ နှစ်ကနေ ဒီဘက်ပဲ မြင်ရတာလေ။ ဖွံ့ဖြိုးရေးပိုင်းမှာလည်း နှစ်ရာချီ နောက်ကျကျန်ခဲ့တယ်။ လုပ်မှတော့ ကောင်းကောင်းလေး စေတနာ မေတ္တာ၊ ဒေသ၊ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ လုပ်ပေးစေချင်တယ်။”
ပူတာအိုခရိုင်ဟာ မြန်မာနိုင်ငံရဲ့ အလှပဆုံး ရေခဲတောင်တွေနဲ့ ခါကာဘိုရာဇီတောင် တည်ရှိတဲ့ မြန်မာပြည်ရဲ့ မြောက်ဘက်ဆုံး မြို့တမြို့ဖြစ်ပေမဲ့ အခုထက်ထိ လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတာ၊ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ နောက်ကျနေဆဲ ဖြစ်ပါတယ်။