Home
မြန်မာသတင်း
အေအေနှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးကို စစ်ကောင်စီ စွဲချက်တင်
DVB
·
July 18, 2023
Rakkhine2arrestedSAC 18072023

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဘူသီးတောင်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးကို ဇူလိုင် ၁၄ ရက်မှာ စစ်ကောင်စီ လက်အောက်ခံ ဘူးသီးတောင်တရားရုံးက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) တို့နဲ့ စွဲချက်တင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုစွဲချက်တင်ခံလိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှနဲ့ မီးကျောင်းစျေး ကျေးရွာအုပ်ချုပ်ရးမှူး အာမိန်းဟူးဆောင်တို့ ဖြစ်ကြပါတယ်။

သူတို့ ၂ ဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ပြီး ဘူးသီးတောင်မြို့နယ် တရားရုံးမှာ စက်တင်ဘာ ၃၀ ရက်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာပါ။

တပ်မင်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှရဲ့သား ကိုမောင်ကျော်ဝင်းက “အဖေတို့ကို ဇူလိုင်လ ၁၄ ရက်နေ့ ရုံးချိန်းမှာ ပုဒ်မ ၁၇(၁)(၂) တို့နဲ့ စွဲချက်တင်လိုက်ပါတယ်။ တရားစွဲထားတာကတော့ ၁၇(၁) နဲ့ တရားစွဲထားတာကို အခု ၁၇(၁)(၂) နဲ့ စွဲချက်တင်လိုက်တော့ အမှုက ကြီးသွားပြီ။ အဖေတို့က အေအေနဲ့ ဆက်စပ်ခဲ့တာတွေလည်း မရှိဘူး” လို့ ပြောပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဘူးသီးတောင်အခြေစိုက် ဗျူဟာတပ်ရင်းမှာ အစည်းအဝေးရှိတယ်လို့ ခေါ်ပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခု စွဲချက်တင်ခံလိုက်ရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးကို ဘူးသီးတောင်အခြေစိုက် ဗျူဟာတပ်ရင်း စရဖတပ်က ဗိုလ်ကြီးနေမင်းဦး တရားလိုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင် ၂၅ ရက် ရုံးချိန်းမှာ တရားစွဲဆိုခံထားရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးကို စတင်စစ်ဆေးသွားမှာဖြစ်ပြီး တရားခံပြသက်သေတွေကိုလည်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီး တရားစွဲဆိုနေတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကို အခုလို မတရားအသင်းဆက်သွယ် ပုဒ်မတွေနဲ့ တရားစွဲဆိုနေတာက စိုးရိမ်စရာတွေ ကောင်းလာတယ်။ အုပ်ချုပ်ရေးကလည်း နှစ်ဖက်လိုဖြစ်နေတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေအတွက် တော်တော်လေးကို အနေအထိုင်ကျပ်တဲ့ အခြေအနေတွေ ဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာပြီး ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရဆဲ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024