အာဆင်နယ်အသင်းက ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူခဲ့တာဟာ ကောင်းမွန်တဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ကြောင်း အသင်းနည်းပြဟောင်းအာဆင်ဝင်းဂါးက ပြောပါတယ်။
အာဆင်နယ်အသင်းဟာရိုက်စ်အတွက် ကလပ်အသင်းသမိုင်းတလျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၅ သန်း အထိပေးပြီး ခေါ်ယူခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အသက် ၂၃ နှစ် ၊ ၂၄ နှစ် အရွယ်ရှိ အတွေ့ အကြုံရှိကစားသမားတွေကို ခေါ်ယူနေတာဖြစ်ပြီး ကောင်းမွန်တဲ့ဝယ်ယူမူတွေဖြစ်ကြောင်း အာဆင်ဝင်းဂါးကပြောပါတယ်။
“ခြုံငုံပြောရမယ်ဆိုရင် အာဆင်နယ်ဟာ ကောင်းမွန်တဲ့ခေါ်ယူမှုတွေ ပြုလုပ်နေတာပါ။ ငယ်ရွယ်ပေမဲ့လည်း အတွေ့အကြုံရှိပြီးသားသူတွေဖြစ်ပြီး နောက်ထပ်နှစ်တွေကြာတဲ့အထိ အတူတွဲဖက်ကစားနိုင်ပါလိမ့်မယ်။ သူတို့ဟာ မနှစ်က ဖိအားတွေအများကြီး အောက်မှာ ရှိနေခဲ့ရပေမဲ့ သင်ခန်းစာတွေအများကြီး ရယူနိုင်ခဲ့ကြတယ်။ ခုတော့ အဲဒီလိုဖိအားတွေကို ကိုင်တွယ်နိုင်တယ်ဆိုတာ ပြသနေတယ်” လို့ ဝင်းဂါးကပြောပါတယ်။
သူကိုင်တွယ်စဉ်ကတော့ ဘဏ္ဍာရေးအခက်အခဲရှိတာကြောင့် ငွေကြေးသုံးစွဲနိုင်ခြင်းမရှိခဲ့ပေမဲ့ လက်ရှိ အာဆင်နယ်ရဲ့ ဘဏ္ဍာရေးအခြေအနေက ကောင်းမွန်နေပြီဖြစ်ကြောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။
လာမယ့်ရာသီမှာ အာဆင်နယ်အသင်းချန်ပီယံဖြစ်မယ်လို့ ယုံကြည်ကြောင်းလည်း ပြင်သစ်နည်းပြကြီး အာဆင်ဝင်းဂါးက ပြောသွားပါတယ်။