အသင်းခေါင်းဆောင်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခံခဲ့ရတဲ့အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း မန်ယူနောက်ခံလူ မက်ဂွဲယားက ပြောပါတယ်။
မန်ယူအသင်းနည်းပြတန်ဟတ်ဂ်ဟာ မနေ့ညက မက်ဂွဲယားနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်ကနေ ရုပ်သိမ်းကြောင်း အသိပေးခဲ့တာပါ။
နည်းပြတန် ဟတ်ဂ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်းစိတ်ပျက်မိကြောင်း၊ ယူနိုက်တက်အသင်း ဂျာစီဝတ်ဆင်နေသမျှအချိန်တိုင်း အစွမ်းကုန် ပေးဆပ်ကစားသွားမှာဖြစ်ကြောင်း မက်ဂွဲယားက တွစ်တာကနေ တဆင့် ထုတ်ပြန်ခဲ့ပါတယ်။
အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခဲ့စဉ်အတွင်း အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိသလို မန်ချက်စတာယူနိုက်တက်လို အသင်းကြီးကို ဦးဆောင်က စားခွင့်ရခဲ့တာက ဂုဏ်ယူစရာဖြစ်ကြောင်း မက်ဂွဲယားရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အသင်းခေါင်းဆောင်လက်ပတ်ပေးအပ်ခဲ့တဲ့ နည်းပြဆိုးလ်ရှားကိုလည်း မက်ဂွဲယားက ကျေးဇူးတင်စကားဆိုခဲ့ပြီး ခေါင်းဆောင်သစ်ဖြစ်လာမယ့် ဘယ်သူမဆို အပြည့်အဝ ထောက်ခံအားပေးသွားမယ်လို့ မက်ဂွဲယားက ပြောပါတယ်။
မနှစ်က ဒုတိယအသင်းခေါင်းဆောင်တာဝန်ယူခဲ့တဲ့ ဖာနန်ဒက်စ်က မန်ယူအသင်းခေါင်းဆောင်သစ် ဖြစ်လာနိုင်တယ်လို့ ခန့်းမှန်းနေကြတာ ရှိပါတယ်။