ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့က လုံခြုံရေးကင်းတဲ ဗုံးခွဲခံရပြီးနောက် အရပ်သားပြည်သူ အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရဲဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ညပိုင်းမှာ အဲဒီရဲရုံးရှေ့က ကင်းတဲကို တိုက်ခိုက်ခဲ့တာလို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေတန်းမြေ PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်
လက်ပံတန်းမြို့ခံ ရဲတပ်ဖွဲ့နဲ့ ရင်းနှီးသူ တယောက်က "ညဘက် ၉ နာရီကျော်လောက်မှာ ပေါက်ကွဲသံကြားရတော့ မိတ္တူဆိုင်က ကောင်လေးက ထွက်ကြည့်မိတာ ညတွင်းချင်းပဲ အဲဒီကလေးနဲ့ မိသားစုဝင် ၅ ယောက်ကို ကိုဖမ်းသွားတယ်။ တခြားရပ်ကွက်က ကိုသက်မင်းထိုက်လည်း အဖမ်းခံရတယ်။ နောက်ရက်တွေမှာ NLD ပါတီဝင်တွေကို ထပ်ဖမ်းတယ်။ ကျနော်သိသလောက်တော့ အယောက် ၂၀ လောက်ရှိမယ်။ အခုထိတော့ ပြန်လွတ်လာတာ မရှိသေးဘူးလို့" ဒီဗွီဘီကို ပြောပါတယ်
ပေါက်ကွဲမှုဖြစ်တာကို ထွက်ကြည့်မိတဲ့ ကိုကျော်သီဟ၊ မိခင်နဲ့ ညီအကိုတွေကို ညတွင်းချင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး သာ့သနာရိပ်သာလမ်းက ကိုသက်မင်းထိုက်ကိုလည်း အဲဒီညမှာပဲ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်
ဖမ်းဆီးခံရသူတွေဟာ အရပ်သားပြည်သူတွေပဲဖြစ်ကြပြီး NLD ပါတီဝင်တွေဟာလည်း ပါတီဝင်ဟောင်းတွေဖြစ်ပြီး ငွေကြေးပြည့်စုံသူတွေဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မြို့ခံ NLD ပါတီဝင်တွေကို နေ့စဉ်ဆိုသလို ဖမ်းဆီးနေခဲ့ပြီး ပြန်လည်လွတ်မြောက်ဖို့အတွက် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် တယောက်ကို ငွေ ၁၀ သိန်းနဲ့ လာရောက်ညှိနှိုင်းရင် လွှတ်ပေးမယ်ဆိုပြီး မိသားစုဝင်တွေဆီ အကြောင်းကြား ခဲ့တယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို လက်ပံတန်းမြို့ပြည်သူ့ကာကွယ်ရေး၊ ရွှေတန်းမြေ PDF အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်လို့ မဆိုင်တဲ့ပြည်သူတွေကိုဖမ်းဆီး ငွေညှစ်တောင်းခံနေတာဖြစ်ပြီး ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား သွေးခွဲတာပဲဖြစ်တယ်လို့ မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်
ဇူလိုင် ၇ ရက်နေ့ကလည်း လက်ပံတန်းမြို့ စာတိုက်ရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။
Photo Cj