မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ၁ ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ သတင်းတပ်ဖွဲ့ (SB) ရုံးရှေ့မှာ ရဲအုပ်တယောက် ဇူလိုင် ၁၃ ရက် ည ၆ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညက သတင်းတပ်ဖွဲ့ (SB) ရုံးမှ အပြင်သွားဖို့ ထွက်လာစဥ် ရုံးရှေ့မှာ ဆိုင်ကယ်စီးလားသူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
“တချက်တည်းပစ်သွားတာ၊ နောက်စေ့၊ ပွဲချင်းပြီးပဲ၊ ရဲတွေထွက်ပြီး သေနတ်နဲ့ လိုက်ကြသေးတယ်၊ မမိဘူး၊ အဲ့ကျမှ ဆေးရုံကိုပို့တာ၊ အပစ်ခံရတာ တပ်ဖွဲ့မှူးရာထူး တိုးတော့မှာ၊ သူက ဒုရဲမှူးဖြစ်တော့မှာ။”
သေဆုံးသူမှာ သတင်းတပ်ဖွဲ့ (SB) က တပ်ဖွဲ့စိတ်မှူး ရဲအုပ်သိန်းဇော်မိုး ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာ တချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
လတ်တလော ဝမ်းတွင်းမြို့နယ် ဌာနဆိုင်ရာရုံးနဲ့ ရဲစခန်းမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူပေးထားပြီး ဆိုင်ကယ်၊ ကားနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် ညနေကလည်း ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာအနီးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။