ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ရေးနဲ့ ပတ်သက်ပြီး ဆက်ဆွေးနွေးနေပေမဲ့ ခုအချိန်မှာ အနောက်မဟာမိတ်တွေအတွက် အရေးတကြီး လုပ်ဆောင်ရမယ့်တာဝန်က ရုရှားနဲ့တိုက်နေတဲ့ စစ်ပွဲအတွက် ပံ့ပိုးကူညီဖို့ ကျန်ရှိနေသေးတယ်လို့ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က ဇူလိုင် ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
လစ်သူယေးနီးယားနိုင်ငံ ဗီးလ်နီးယပ်စ်မြို့မှာ ကျင်းပနေတဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ စတော့တန်ဘာ့ဂ်က ခုလိုပြောလိုက်တာပါ။
ယူကရိန်းနိုင်ငံဟာ အခု နေတိုးနဲ့ အရင်ကထက် ပိုနီးစပ်နေပြီး ယူကရိန်းစစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ အကြီးမားဆုံး အန္တရာယ်ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စစ်ရေးအောင်ပွဲ ဖြစ်လာမှာပါလို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။
ယူကရိန်းလုံခြုံရေးကို အနောက်နိုင်ငံတွေက ထည့်သွင်းစဉ်းစားနေတာဟာ ရုရှားရဲ့လုံခြုံရေးကို ထိပါးစေမယ့် အန္တရာယ်ရှိတဲ့ အမှားတစ်ခုဖြစ်နိုင်ပြီး ဥရောပကို လာမယ့်နှစ်ပေါင်းများစွာတိုင်အောင် အန္တရာယ်ကြီးကြီး ပေးနိုင်လိမ့်မယ်လို့ ရုရှားသမ္မတ နန်းတော် ကရင်မလင်က ပြောပါတယ်။
Source - Reuters