ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ စစ်ကောင်စီက စက်သုံးဆီ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီးနောက် စက်သုံးဆီဈေးနှုန်း အရင်ထက် သုံးဆနီးပါး မြင့်တက်သွားတယ်လို့ သိရပါတယ်။
တနိုင်းမြို့နယ်အတွင်း ဇွန်လကုန်ပိုင်းကစတင်ပြီး စက်သုံးဆီမော်တော်ယာဉ်တွေကို ဖြတ်သန်းခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဇူလိုင် ၃ ရက်က စတင်ကာ ပန့်ဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီး လမ်းဘေးဆီဆိုင်တွေမှာ ဈေးနှုန်းကြီးမြင့်စွာနဲ့ ဝယ်ယူအသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနိုင်းမြို့နယ်အတွင်း ဆိုင်ကယ်မောင်းနှင်သူ ဒေသခံတဦးက “စက်သုံးဆီသယ်ယူခွင့်ကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်လောက်ကစပြီး ပိတ်လိုက်တယ်။ ဆီပန့်ဆိုင်တွေကတော့ လက်ကျန်ဆီတွေ ရောင်းပေးရင်း ဇူလိုင် ၃ ရက်နေ့လောက်မှာ လက်ကျန်ဆီ ပြတ်သွားလို့ ဆိုင်အတော်များများ ပိတ်ထားကြတယ်။ ခု လမ်းဘေးက ဆိုင်လေးတွေမှာ ရေသန့်ဘူးအပြည့် မဟုတ်တဲ့ တလီတာ ဝယ်သုံးနေရတယ်။ ဈေးကတော့ သုံးဆနီးပါးလောက် မြင့်တက်သွားတယ်” လို့ ပြောပါတယ်။
စက်သုံးဆီသယ်ယူတဲ့ မော်တော်တော်ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုချိန်က တနိုင်းမြို့နယ်အတွင်း 92 စက်သုံးဆီတဂါလန်ကို ကျပ် ၁၆,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး စက်သုံးဆီယာဉ် သယ်ယူခွင့်ကို စစ်ကောင်စီ တားမြစ်ပိတ်ပင်ပြီးနောက် တဂါလန် ကျပ် ၄၀,၀၀၀ ကျော်အထိ သုံးဆနီးပါး ဈေးနှုန်းမြင့်တက်သွားတာပါ။
တနိုင်း-လီဒို လမ်းမကြီးမှာရှိတဲ့ ရှဒူးဇွပ်ဂိတ်၊ နန့်ဖျက်ဂိတ်၊ အောင်ရာဂိတ်နဲ့ ၅ မိုင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူတာတွေကို တင်းကျပ်စွာ စစ်ဆေးနေတဲ့အတွက် တနိုင်းမြို့နယ်က ဟိန်းအောင်၊ ဆုဝေ၊ မင်းထက်သာ၊ ဒိုးကလေး စတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေ ဆီပြတ်လပ်နေပြီး ပိတ်ထားရဆဲဖြစ်ပါတယ်။