Home
မြန်မာသတင်း
တမူးဒေသခံတယောက် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးချ၍သေ၊ ထီးလင်းတွင် ဒေသခံများတိမ်းရှောင်နေရ
DVB
·
July 9, 2023
358138765_796170905484914_7250378585183492572_n

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာကြောင့် ဒေသခံတယောက် သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနှင့်ပျူစောထီးအဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃ရွာက ဒေသခံ ၂၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်‌ရာဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဇူလိုင် ၉ ရက် ဒီနေ့မနက်ပိုင်းမှာ ထီးလင်းမြို့၊ ရွှေထီးခန်းမမှာနေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေက ထလင်းရွာဘက်ကို ရိက္ခာရှာစစ်ကြောင်းထိုး လာတာ ကြောင့် ထလင်းရွာအပါအဝင် ပုဏ္ဏားရွာနဲ့ ထန်းပင်ကုန်းရွာက ဒေသခံ ၂၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာဒေသတွေကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ထီးလင်းဒေသခံတယောက်က "ဒီမနက်အစောပိုင်းမှာ ရုတ်တရက် စစ်ကြောင်းထိုး ခဲ့တာဗျ။‌ သူတို့တွေရိက္ခာပြတ်လို့ ရိက္ခာလာရှာတာဖြစ်နိုင်တယ်။ ရွာခံတွေရဲ့ ပစ္စည်းတွေတော့ ခိုးခံရဦးမှာပေါ့။ ရွာခံ‌တွေကတော့ တောတောင်ထဲ ပြေးနေကြရတာပေါ့။ ရွာထဲလည်းမနေရဲကြဘူးလေ။ သူတို့မိရင် ဖမ်းဆီးသတ်ဖြတ်နေတော့ ကြောက်လို့ပြေးကြရတာ" လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ရုတ်တရက်စစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ အကူအညီပေးကြဖို့ကိုလည်း YRA ရဲ့တာဝန်ခံက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေက ထလင်းရွာမှာ တပ်စွဲနေထိုင်နေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်အနီးမှာ မနေကြဖို့ ယောဒေသကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်း၊ မန်မော်ကျေးရွာမှာတော့ ဇူလိုင် ၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဒေသခံ တယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပန်းသာကျေးရွာမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေက မန်မော်ကျေးရွာဘက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်အထင်နဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"ပန်းသာမှာက စစ်သား‌တွေနဲ့ပျူ‌‌တွေ‌ နေကြတာ။ မန်မော်က ပန်းသာမြောက်ဘက်ကရွာ။ တိုက်ပွဲမဖြစ်ဘဲ ရွာထဲကိုဒရုန်းနဲ့တိုက်ခိုက်တာ။ အမျိုးသားတယောက် ပွဲချင်းပြီး သေတယ်။ အမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်။ သိပ်မပြင်းထန်ပါဘူး။ နောက် အမျိုးသားတယောက်တော့ ခြေကျင်းဝတ်ဖြတ်ရတယ်" လို့ တမူးနယ် ဒေသခံက ဒီဗွီဘီကိုပြောပါတယ်။

ဒဏ်ရာရသူတွေကို လမ်းကြောအခြေအနေအရ ဆေးရုံကိုမပို့နိုင်တာကြောင့် ကျေးရွာမှာပဲ ကုသနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024