စပိန်နိုင်ငံ ပမ်ပလိုနာ(Pamplona) မြို့မှာ တပတ်ကြာကျင်းပနေတဲ့ ဆန်ဖယ်မင်း(San Fermin) နွားရိုင်းလွှတ်ပြေးပွဲရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၈ ရက်၊ စနေနေ့က စုစုပေါင်းလူ ၄ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲက တယောက်ဟာ နွားရိုင်းဦးချိုနဲ့ အဝှေ့ခံခဲ့ရပေမယ့်လည်း မပေါက်ပြဲသွားတဲ့ ဒဏ်ရာမျိုးသာ ရရှိခဲ့ပြီး တခြား ၃ ယောက်ကတော့ နွားရိုင်းတက်နင်းခံရတာ ဖြစ်တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝှမ်းက ထောင်နဲ့ချီတဲ့ ခရီးသွားတွေဟာ ဒီလိုစိတ်လှုပ်ရှားဖွယ်ရာ နွားရိုင်းလွှတ်ပြေးပွဲကို ကြည့်ရှုနိုင်ဖို့အတွက် လာရောက်ကြလေ့ ရှိပါတယ်။
၈၇၅ မီတာအထိ ရှည်လျားတဲ့ ဒီပြေးလမ်းပေါ်မှာ နွားရိုင်းတွေကို လွှတ်ပေးရင်း ဒီပွဲတော်မှာ ပါဝင်သူတွေက ၂ မိနစ်ကနေ ၃ မိနစ်ကြာအောင် ပန်းတိုင်အထိ ပြေးလွှားရတာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို ဇူလိုင် ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နေ့စဉ်မနက် ၈ နာရီတိုင်းမှာ စတင်ကျင်းနေတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ဟာ အမေရိကန်စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး (Ernest Hemingway) အနေနဲ့ ဒီပွဲတော်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၂၆ ခုနှစ်တုန်းက "The Sun Also Rises" လို့အမည်ရတဲ့ ဟဲမင်းဝေးရဲ့ ဝတ္ထုစာအုပ်ထဲမှာ ဒီပွဲတော်အကြောင်း ထည့်သွင်းရေးသားခဲ့တာကြောင့် ကမ္ဘာတဝှမ်းမှာ လူသိများ လာခဲ့ပါတယ်။
Source-Reuters