စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လအတွင်း ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင်ဒေသခံ ၈ ယောက် လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်မှာရှိတဲ့ ကလေးမြို့နယ်တောင်ပိုင်းက မှန်တောရွာနဲ့ သာစည်ကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။
ဇွန် ၂၅ ရက်နေ့မှာ မှန်တောရွာကဒေသခံနေအိမ် ၁၃ လုံးနဲ့ သာစည်ရွာက ဆိုင်ခန်းတခန်းအပါအဝင် နေအိမ် ၅ လုံးမီးရှို့ဖျက်ဆီးခဲ့ကြပြီး ဇွန် ၂၉ ရက်နေ့မှာ သာစည်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြလို့ ဒေသခံနေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့တာ လို့ဆိုပါတယ်။
"သာစည်ရွာက ဒေသခံတွေတော့ ရွာမှာမနေရဲကြတော့ဘူး။ တစ်လတည်း ၂ ကြိမ် စစ်ကြောင်းထိုး မီးရှို့တာ။ လက်နက်ကြီးတွေကတော့ အကြောင်းမဲ့ပစ်တာဗျ။ မြို့တွင်းတပ်တွေကနေ ပစ်တာ။ ဒေသခံတွေ ဒဏ်ရာရ သေဆုံးတာတွေလည်းများတယ်" လို့ ကလေးနယ်ကဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြို့ပေါ်တာဟန်းရပ်ကွက်အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတို့မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၈ ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ကလေးနယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့လက်နက်ကြီးရန်ကနေ ကာကွယ်ဖို့ ဗုံးခိုကျင်းတွေတူးကြဖို့အတွက် ကျေးရွာဒေသခံတွေကို တော်လှန်ရေး အင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး တိုက်ပွဲတွေနဲ့ စစ်ကောင်စီက နေအိမ်မီးရှို့ဖျက်ဆီး တာတွေကြောင့် ကျေးရွာတွေမှာမနေရဲကြဘဲ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၁၀,၀၀၀ နဲ့အထက်ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေကြတဲ့ အဖွဲ့အစည်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။