၂၀၁၉ ခုနှစ်တုန်းက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကိုကျူးလွန်ခဲ့တဲ့ လူဖြူလူမျိုးကြီးဝါဒီ တယောက်ကို အခု ဇူလိုင် ၇ ရက်၊ သောကြာနေ့မှာ ဖက်ဒရယ်တရားသူကြီးတယောက်က ထောင်ဒဏ်တသက်တကျွန်း အကြိမ် ၉၀ ဆက်တိုက်ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က ဝေါလ်မတ်(Walmart) ဈေးဝယ်စင်တာတခုမှာ လက်တင်လူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဒီဖြစ်ရပ်အတွင်း လူပေါင်း ၂၃ ယောက် သေဆုံးပြီး တခြား ၂၂ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် သေနတ်သမားဖြစ်သူ ပက်ထရစ်ခ် ခရူးဆီရက်စ် (Patrick Crusius)ဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် ဖက်ဒရယ် သေဒဏ်ကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
ဒီအမှုနဲ့ပက်သက်ပြီး အယ်လ်ပါဆို(El Paso) မြို့ရဲ့ ခရိုင်တရားသူကြီးတယောက်ဖြစ်တဲ့ ဒေးဗစ် ဂွာဒါရာမာ (David Guaderrama)ကလည်း တရားခံရဲ့ ဝန်ခံမှုကြောင့် ထောင်ဒဏ်ပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တက္ကဆက်ပြည်နယ်ဆိုင်ရာစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ခရူးဆီရက်စ်ဟာ သေဒဏ်ကျခံရမယ့် အနေအထားမှာ ရှိနေဆဲဖြစ်ပြီး တရားရုံးထဲမှာ ဒီ သေနတ်သမားက နှုတ်ဆိတ်နေတာကို တွေ့ရပါတယ်။
တရားခံရဲ့ ရှေ့နေဖြစ်သူ ဂျိုး စပန်ဆာ (Joe Spencer)ကတော့ ဒီ ပစ်ခတ်မှုကျူးလွန်အောင် တွန်းအားပေးခဲ့တဲ့ စိတ်ရောဂါဝေဒနာကို ခရူးဆီရက်စ် အနေနဲ့ ခံစားနေရတာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့တယ်လို့ တက္ကဆက် ထရီဗျူး (Texas Tribune) သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါကို အစိုးရရှေ့နေတွေဘက်က ငြင်းဆန်ခဲ့တဲ့အပြင် ဒီသေနတ်သမားဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တာကို သူကိုယ်တိုင် သိရှိခဲ့တယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။
၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ ဒဲလက်စ်မြို့ရဲ့ ဆင်ခြေဖုံးကနေ နယ်စပ်မြို့တခုဖြစ်တဲ့ အယ်လ်ပါဆို အထိ မိုင်ပေါင်း ၆၀၀ ကျော်ကို ညတွင်းချင်း ကားမောင်းလာခဲ့တဲ့ ဒီသေနတ်သမားဟာ ရိုမေးနီးယားပုံစံထုတ် AK 47 သေနတ်နဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တာပါ။
ဒီလို မတိုက်ခိုက်ခင်မှာလည်း "တက္ကဆက် ပြည်နယ်အပေါ် လက်တင်လူမျိုးတွေရဲ့ ကျူးကျော်မှုကို တုံ့ပြန်တာဖြစ်တယ်" ဆိုပြီး ကြေညာချက်တခုအနေနဲ့ အင်တာနက်ပေါ်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။
Source-Reuters